ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့က ထပ်မံတွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
ထိုသို့ နှစ်ဖက်အကြား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံသည့် ဆွေးနွေးပွဲသည်လည်း သဘောတူညီချက် တစုံတရာမရှိဘဲ အောင်မြင်မှုမရနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတို့က သုံးသပ်ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း MNDAA နှင့် စစ်ကောင်စီတို့အကြား ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှု၌ လားရှိုးမြို့ မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာပေးရန် စစ်ကောင်စီဘက်ကတောင်းဆိုခဲ့သလို MNDAA ဘက်က လားရှိုးမြို့ အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းထိုးစစ် အကြမ်းဖက်လုပ်ကိုင်နေခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် အစည်းအဝေး ပျက်သွားခဲ့ရကြောင်း သိရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “နောက်တခါ ဒုတိယအကြိမ်အစည်းအဝေးလုပ်လည်း အဲ့ဒါတွေ ပြောဦးမှာပါပဲ။ အဲ့ဒါတွေပြောရင်လည်း အစည်းအဝေးက ပျက်ဦးမှာပါပဲ။ ဒါကြောင့်မလို့ ဒီလိုအစည်းအဝေးမျိုးလုပ်လာတာ ဟိုင်ဂင်ကနေ ဒီနေ့အထိ ၅ ကြိမ် ၆ ကြိမ်လောက်ရှိပါပြီ။ ဘယ်ဟာမှ မအောင်မြင်ပါဘူး။ နောင်လာမယ့် အစည်းအဝေးလည်း အောင်မြင်မယ်လို့ မယူဆပါဘူး” ဟု သုံးသပ်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံမှုအတွင်း နှစ်ဘက်ကိုယ်စားလှယ်များအကြား သဘောတူညီမှု တစုံတရာမရရှိဘဲ အစည်းအဝေး ပျက်ခဲ့ပြီးနောက် ယခုဇန်နဝါရီလအတွင်း ထပ်မံတွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခု ဒုတိယအကြိမ် ထပ်မံပြုလုပ်သည့်ဆွေးနွေးပွဲသို့ MNDAA ဘက်မှ စစ်ဦးစီးချုပ် ဖုန်တာရွှင်၏သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေး ဌာနကြီးမှူးဖုန်ခွင်းက ဦးဆောင်တက်ရောက်ဖွယ်ရှိကြောင်း VOA မြန်မာပိုင်းတွင် ဇန်နဝါရီ ၁၅ ရက်နေ့က သတင်းဖော်ပြထားပြီး ဆွေးနွေးမှုအခြေအနေ အသေးစိတ်ကို ထပ်မံစုံစမ်းနေဆဲဖြစ်သည်။
အလားတူ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့အကြား ပထမအကြိမ်ဆွေးနွေးပွဲတွင် MNDAA ဘက်မှ ကိုယ်စားလှယ် (၇) ဦး တက်ရောက်ကာ စစ်ကောင်စီဘက်မှ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီးကိုကိုဦးက ဦးဆောင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် စီးပွားရေး ပြန်လည်ထူထောင်ရန် စသည့် အချက်များကိုပါ ဆွေးနွေးနိုင်ရေး တရုတ်ကိုယ်စားလှယ်များက စီစဉ်ပေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်နှင့် ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုလားကြောင်း ၂၀၂၄ ဒီဇင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးလာခြင်းလည်း ဖြစ်သည်။
MNDAA ၏ ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီက နိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသည့် ဝေဟင်နှင့်မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းရန် တောင်းဆိုထားပြီး MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ဆက်လက်စွဲကိုင်ထားသည်ဟု ဖော်ပြထားသည်။
အခြားတဘက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာရန် တရုတ်၏တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည့်နောက် MNDAA ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး လတ်တလော စစ်ကောင်စီနှင့် ဆွေးနွေးပွဲများသို့ အဆင့်မြင့်ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။