ရခိုင်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး
စစ်ကောင်စီ ထိန်းချုပ်ရာ မြို့တော်စစ်တွေမှာပင် ဌာနဆိုင်ရာရုံးများ လည်ပတ်မှုမရှိတော့ကြောင်း မြို့ခံများက ပြောဆိုသည်။
စစ်တွေမြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက “အုပ်ချုပ်ရေးယန္တရားက လည်ပတ်မှု မရှိတော့ဘူး။ ဝန်ထမ်း အများစုက စစ်ရေးပြင်းထန်လာတော့ ဌာနဆိုင်ရာအလုပ်တွေကို စွန့်ခွာသွားကြတယ်။ တချို့က ခွင့်တင်ပြီး သွားကြသလို တချို့က ခွင့်မဲ့ပျက်ကွက်၊ ရုံးမတက်ဘဲ ပျက်ကွက်နေတာတွေက ပိုများနေတယ်။ စစ်တွေက အစိုးရရုံးတွေမှာ ဝန်ထမ်းတော်တော်များများ မရှိတော့ဘူး” ဟု ပြောပြသည်။
မြို့တော်စစ်တွေတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ ဌာနဆိုင်ရာရုံးများ၌ ရုံးဝန်ထမ်းများက လာရောက်ရုံးတက်သူပင် မရှိတော့ဟု အမည်မဖော်လိုသည့် နောက်ထပ်စစ်တွေမြို့ခံ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက အတည်ပြုပြောပါသည်။
“ရုံးတွေက တံခါးတွေတော့ ဖွင့်ထားတယ်။ ရုံးတက်မယ့် ဝန်ထမ်းသာမရှိတာ။ ဌာနဆိုင်ရာ အရာရှိတွေ ကိုယ်တိုင်ကလည်း ခွင့်မဲ့နဲ့တောင် ပျက်ကွက်နေကြတာ။ ဒီတော့ အခုနောက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေကို မြို့ပြင် ထွက်ခွင့်မပေးဘူး။ စစ်ကောင်စီက အကြပ်ကိုင်ထားတယ်” ဟု ၎င်းက ပြောသည်။
ဘူးသီးတောင်မြို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အစိုးရဘဏ်များ ပိတ်ထားသည့်အတွက် ဝန်ထမ်းများ လစာမရကြသည့်အပြင် ဝန်ထမ်းအများစုမှာလည်း တိုက်ပွဲရှောင်သွားကြခြင်းကြောင့် ဌာနဆိုင်ရာရုံးများတွင် လုပ်ငန်းများ ရပ်တန့်သွားသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောဆိုသည်။
“ဘဏ်လည်း ပိတ်ထားတာကြာပြီ။ မြို့နယ် မယက ဥက္ကဋ္ဌလည်း မရှိတော့ဘူး။ လုပ်ငန်းလည်ပတ်မှုလည်း မရှိတော့ဘူး။ ဝန်ထမ်းတွေလည်း လစာမရဘူး။ ဖေဖော်ဝါရီလကုန်ထိ ဝန်ထမ်းတွေနဲ့ လည်ပတ်ခဲ့သေးတယ်။ ဒီလ မတ်လကနေစပြီး ဘယ်သူမှမရှိတော့ဘူး မြို့ပေါ်မှာ” ဟု ၎င်းက ပြောသည်။
မောင်တောမြို့တွင်လည်း အဓိက အရေးပါသည့် ဌာနဆိုင်ရာဝန်ထမ်းတချို့သာ ရုံးတက်ပြီး ကျန်ဝန်ထမ်းများမှာ ရုံးမတက်တော့သဖြင့် စစ်ကောင်စီယန္တရား လည်ပတ်မှုမရှိတော့ဟု မောင်တောမြို့ခံတစ်ဦးက ပြောပါသည်။
“တစ်ပတ်မှာ တစ်ရက်လောက်ပဲ တက်ကြတာများတယ်။ ဌာနဆိုင်ရာရုံးအတော်များများ ပိတ်ထားကြပြီ။ အခုအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကလည်း အန္တရာယ်ကြားထဲက လုပ်နေကြရတာ” ဟု အဆိုပါ မောင်တောမြို့ခံ ပြောသည်။
ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံနှင့် ရမ်းဗြဲတို့တွင်လည်း စစ်ကောင်စီရုံးများ လည်ပတ်မှု လုံး၀ မရှိတော့ ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့တို့တွင်လည်း အစိုးရုံး အနည်းအကျဥ်းသာ လည်ပတ်လျက်ရှိတော့သည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်တွင် မြို့နယ်အများအပြားကို လက်လွှတ်ဆုံးရှုံးနေရပြီး စစ်တွေ၊ ကျောက်ဖြူ စသည့် မြို့ကြီးများကိုလည်း မကြာခင် ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး အဆိုပါမြို့ကြီးများ၏ အစိုးရရုံးများတွင်လည်း တစပြင်ပမာ လူသူကင်းမဲ့လျက်ရှိနေကြောင်း ဒေသခံများက ပြောဆိုကြပါသည်။
နိရဉ္စရာ ပေးပို့သည်။