စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ထားဝယ်၊ အရှေ့တောဒေသခံ ၃ ဦး ပြန်မလွတ်လာသေး

0
293
ပုံစာ - စစ်ကောင်စီက ထားဝယ်၊ အရှေ့တောဒေသသို့ စစ်ကြောင်းထိုးဝင်လာ။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသသို့ စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် ဒေသခံ ၃ ဦးသည် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးဘူးဟု ဒေသခံတို့က ပြောသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် သြဂုတ်လ ၂၀ ရက်နေ့ ညသန်းခေါင်ခန့်က ပခပ်ရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းသည် သင်္ကန်းတုံးရွာဘက်သို့ ထွက်လာစဉ် ရမ္မဇူရွာသား ၁ ဦးနှင့် သရက်ငုတ်ရွာသား ၁ ဦး တို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း ဝကုန်းရွာသို့ ရောက်ရှိလာပြီး
ဝကုန်းရွာသား ၁ ဦးကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖမ်းဆီးခံရတဲ့သူတွေက ခြံလုပ်နေတဲ့သူတွေ ရွာသားတွေချည်းပဲ ဖြစ်တယ်။ ဒီမနက်အထိတော့ ပြန်လွတ် မလာသေးဘူး။ သာမန်ခေါ်သွားရင် လွှတ်ပေးလို့ ရနေပြီလေ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက ဝကုန်းရွာ ဘုန်းကြီးကျောင်းတွင် နားခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာတော့ ကျောက်မဲတောင်နယ်မြေ ရဲစခန်းတွင် ရောက်ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ အရှေ့တောဒေသရှိ ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းနှင့် ဘဝပင်ရွာတို့မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here