
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ တရားလက်လွတ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်သည်။
NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူရရှိထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များနှင့် ပတ်သက်သော ဇန်နဝါရီလ ၁၁ ရက်နေ့ ရုပ်သံထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ အများဆုံးကျူးလွန်တဲ့ တရားလက်လွတ်သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့အမှုပေါင်း ကျနော်တို့ ၃၀၄ ခုကို ကျနော်တို့ စုဆောင်းရရှိပါတယ်။ အဲထဲမှာဆိုတော့ လူပေါင်း ၁၄၂၁ ဦးအား မတရား သတ်ဖြတ်ခံရတယ်။ အသက် ၁၈ နှစ်အောက်အရွယ်ရှိတဲ့ ကလေးငယ်တွေ ၁၇၂ ဦး ပါဝင်တာ တွေ့ရပါတယ်။ အဲကလေးငယ်တွေက မွေးကင်းစ လသားရက်သား အရွယ်အထိ မိခင်နဲ့အတူ သေဆုံးခဲ့တဲ့သူလည်း ရှိပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေလည်း အသက် ၆၀ ကျော် ၇၀ ကျော် သေဆုံးမှုတွေလည်း ရှိပါတယ်။ မသန်စွမ်းလို့ မထွက်ပြေးနိုင်ပဲနဲ့ သတ်ဖြတ်မှုခံရတဲ့ မသန်စွမ်းသူများလည်း ပါဝင်တာကို တွေ့ရပါတယ်။” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ထုတ်ပြန် ပြောဆိုလိုက်သည့် စာရင်းမှာ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူရရှိထားသော စာရင်းဖြစ်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ်ထဲ၌ စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လည်း ၈၆ ကြိမ် အထိ ပြုလုပ်ခဲ့သည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
“နောက်တခုကတော့ ကျနော်တို့ လူ ၅ ဦးနဲ့အထက် သတ်ဖြတ်မှုကိစ္စတွေ ၂၀၂၃ ကာလအတွင်းမှာ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ လူ ၅ ဦးနဲ့ အထက်ဆိုတော့ တနေရာတချိန်တည်းမှာပဲ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တဲ့အချက်ကို လူ ၅ ဦးထက် သတ်မှတ်ခြင်း အစုလိုက်အပြုံလိုက် သတ်မှတ်ခြင်းလို့ ကျနော် ပြောနိုင်ပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၅ ဦးနဲ့အထက် သတ်ဖြတ်တဲ့ဟာ ၂၀၂၃ နှစ် အတွင်းမှာ ၈၆ ကြိမ် ကျနော်တို့ မှတ်တမ်းတင် ရရှိပါတယ်။ ဒီ ၈၆ ကြိမ်မှာ သတ်ဖြတ်ခံရတဲ့ ပြည်သူအရေအတွက်ကတော့ ၈၆၈ ဦး ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။”
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုထဲ ၂၀၂၃ ခုနှစ်အတွင်း၌ ပဇီကြီးကျေးရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုက အဆိုးရွားဆုံး ဖြစ်သည်။
ဦးအောင်မျိုးမင်းက “အဲဒီအထဲမှာမှ ကျနော်တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရွေးချယ်ပြီး ပြောရမယ် ဆိုရင်တော့ ပဇီကြီးကျေးရွာမှာ လေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ကလေးငယ်တွေ မိဘတွေ စုစုပေါင်း ၁၅၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကတော့ ၂၀၂၃ ကာလအတွင်းမှာ လူအမြောက်အများ သေဆုံးမှု ဖြစ်တဲ့အရာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်က အများဆုံးကျူးလွန်သည့် လူ့အခွင့်အရေး အမျိုးအစားသည် တရားလက်လွတ် သတ်ဖြတ်မှုများ ဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
တရားလက်လွတ်သတ်ဖြတ်မှုမှာ ပါဝင်သော လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားနှင့် ပတ်သက်၍လည်း ဦးအောင်မျိုးမင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“၂၀၂၃ ကာလအတွင်းမှာ ဆိုးဆိုးဝါးဝါးဖြစ်ပျက်ပြီး အများဆုံးဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး အမျိုးအစားကတော့ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်းဆိုတာ ဘာတွေကိုဆိုလိုတာလဲ အရပ်သား ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ဆောင်တာ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ပြီးတော့ ပစ်ခတ်တာ၊ တွေ့သမျှလူကို အကုန်လုံး အကြောင်းအရင်းမရှိ ဘာမှအကြောင်းတရားမရှိဘဲနဲ့ သတ်ဖြတ်တာ။ ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်တဲ့သူကို တွေ့တဲ့နေရာမှာ သတ်ဖြတ်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ သတ်ဖြတ်တဲ့ အချက်တွေ ပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။
ထိုတိုက်ပွဲများကြောင့် စစ်ရေးပဋိပက္ခအတွင်း ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ တရားလက်လွတ် သတ်ဖြတ်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကို ခံနေရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။
NMG ပေးပို့သည်။