အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်တာအတွင်း ချင်းအပါအဝင် နိုင်ငံတဝန်းတွင် အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၀ ကျော် ကျူးလွန်ခဲ့ပြီး ချင်းပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် အရပ်သား ၁၄ ဦး သေဆုံးခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် BNI-Myanmar Peace Monitor က ထုတ်ပြန်သည်။
“ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်အလိုက် မြေပုံတွေနဲ့တကွ စုစည်းတင်ပြထားပါတယ်။ စစ်ကိုင်းကတော့ ဒီအစုအပြုံလိုက်သတ်ဖြတ်မှုမှာ အများဆုံးပြည်နယ်အနေနဲ့ တွေ့ရှိရပါတယ်Ó ဟု BNI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။
ချင်းပြည်နယ်တွင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂ ခု ရှိခဲ့ရာ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာက ဖြစ်စဉ်တွင် ယခုနှစ် မတ် ၃၀ ရက်က စစ်ကောင်စီမှ တိုက်လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ဧပြီ မှ ၂၀၂၃ မတ်လ အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် ၅ ဦး အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၄ မှုထိ ကျူးလွန်ခဲ့သည်ဟု BNI – Myanmar Peace Monitor ၏ ယနေ့ အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်သည့် Òမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွန်းအကိုးအကား ၂၀၂၂-၂၀၂၃Ó အစီရင်ခံစာက ဆိုသည်။
အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် စစ်ကိုင်းတိုင်းက ၁၅ မှု ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ကချင်တို့တွင် ၄ မှုစီ ဖြစ်ပွားခဲ့ကာ ချင်း၊ မွန်နှင့် ရခိုင်တို့တွင် ၂ မှုစီနှင့် ရှမ်းတွင် ၁ မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ၂၀၂၂ မတ်လ အရှေ့ပိုင်းကာလနှင့် ၂၀၂၃ မတ်လ နောက်ပိုင်းကာလတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်များ မပါဝင်သေးဟု ဖော်ပြထားသည်ကို တွေ့ရသည်။
KMG ပေးပို့သည်။