ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအခြေစိုက်သည့် စစ်ကောင်စီတပ်ရင်း (၁၂၈) မှ တပ်သားတစ်ဦးနှင့် တပ်မ (၉၉) တပ်ရင်း (၄၁၉) မှ တပ်သားတစ်ဦး တို့သည် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) တပ်သို့ အသီးသီး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း The Kokang (ကိုးကန့်သတင်း ကွန်ရက်) တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ရင်း (၁၂၈) မှ တပ်သား တိုက်အုပ်မိုး ဆိုသူသည် မန်လတ်ဒေသ လမ်းခွဲရှိ စစ်ကောင်စီ တပ်စခန်းမှ ထွက်ပြေးလာကာ (MNDAA) ကိုးကန့်တပ်မတော်သို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်က The Kokang (ကိုးကန့်သတင်း ကွန်ရက်) တွင် ဖော်ပြထားသည်။
တိုက်အုပ်မိုးသည် မြန်မာပြည်အောက်ပိုင်းဇာတိဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လတွင် စစ်တပ်ထဲသို့ဝင်ခဲ့ကြောင်း၊ ပြည်သူအပေါ် ရက်စက်သည့် စစ်ကောင်စီနှင့် လက်တွဲလိုစိတ် မရှိတော့လို့ နောက်ဆုံးတွင် အထက်အရာရှိ၏ အကြိမ်ကြိမ်ရိုက်နှက်မှုကြောင့် အခုလိုလက်နက်ချ အလင်းဝင်လာခဲ့ခြင်း ဖြစ်ကြောင်း The Kokang သတင်းတွင် ဖော်ပြထားသည်။
“စစ်တပ်ကလိမ်ပြီးတော့ စစ်မှုထမ်းဖို့ ခေါ်ခဲ့တာ။ အရာရှိနဲ့ တပ်သားအချင်းချင်းကြားမှာလည်း ဘာသံယောဇဉ်မှ မရှိဘူး။ ကျွန်တော့်လို ထွက်ပြေးချင်တဲ့ တပ်သားတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့နဲ့အခု အဆက်အသွယ် မရှိဘူး” ဟု တိုက်အုပ်မိုးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသော်လည်း သူ့နှင့်အတူပါလာသည့် လက်နက်ပစ္စည်း အမျိုးအစားများကို ယင်းသတင်းတွင် ဖော်ပြထားခြင်း မရှိပါ။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က စစ်ကောင်စီတပ် တပ်မ (၉၉) တပ်ရင်း (၄၁၉) မှ တပ်သားတစ်ဦးသည် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးခရိုင် အထူးဒေသ (၁) ရှိ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) တပ်ထံသို့ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း The Kokant သတင်းဌာနက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း အခြေစိုက်တပ်ဖြစ်သည့် တပ်မ (၉၉) တပ်ရင်း (၄၁၉) မှ တပ်သား သန်းထိုက်အောင် ဆိုသူသည် မောင်းပြန်ရိုင်ဖယ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၁ ခု၊ ကျည်ဆံ (၁၈၆) ခု တို့ဖြင့် လက်နက်ချ အလင်းဝင်လာခဲ့ခြင်း ဖြစ်ကြောင်း The Kokant သတင်းဌာနက ဖော်ပြသည်။
တပ်သား သန်းထိုက်အောင်က “ စစ်ကောင်စီတပ်ဖွဲ့ထဲတွင် လက်အောက်ငယ်သားများကို အထက်အရာရှိများက အမြဲရိုက်နှက် ဆဲဆိုမှုများပြုခြင်း အပါအဝင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အနိုင်ကျင့်ခြင်း တို့ကြောင့် ဇွန်လ ၂၀ ရက် ည ၉ နာရီခန့်တွင် ကိုးကန့် (MNDAA) တပ်ထံသို့ ယခုလို လက်နက်ချ အလင်းဝင်ခြင်း ဖြစ်သည်” ဟု The Kokant သတင်းဌာန၏ ရုပ်/သံ တွင် ဖော်ပြထားသည်။
၎င်းက မဟာမိတ်တပ်နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင်သွားချင်သည်ဟု ပြောဆိုရာ အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့နှင့် (MNDAA) တပ်တို့က တပ်သား သန်းထိုက်အောင်ကို ငွေ ကျပ်သိန်း ၂၀ ပေးအပ်ခဲ့ပြီး၊ MNDAA တပ်တွင် တပ်စိတ်မှူးအဆင့်ရာထူးကို ပေးခဲ့ကြောင်းလည်း The Kokant သတင်းဌာနက ဆိုသည်။
ကိုးကန့် (MNDAA) တပ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ထွက်ပြေးလာသူ ၁၀ ယောက် ကျော်ကို လက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို ဆက်လက်ကြိုဆို လက်ခံနေကြောင်း မုံးကိုးခရိုင် အထွေထွေအတွင်းရေးမှူးက ပြောဆိုသည်။
နိရဉ္စရာ ပေးပို့သည်။