စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက်ထပ်မံထွက်ပြေး

0
228

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် တပ်စခန်းကို စွန့်ခွါထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည်ဟု ဒေသတွင်း Vanglaini သတင်းစာက ဖော်ပြသည်။

စစ်ကောင်စီတပ်သား ၁၅၀ ဝန်းကျင်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang မှာ အခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး ယင်းတို့အနက် ဒဏ်ရာရရှိသူ အများအပြားလည်း ရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ် စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အမြောက်အများ သေဆုံးမှုရှိကြောင်းနှင့် တချို့မှာလည်း စခန်းကို စွန့်ခွါ၍ ထွက်ပြေးသွားကြသည်ဟု AA က ဆိုသည်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်မှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းက ဖြစ်နိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား အယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့သေးသည်။

ထိုကဲ့သို့ ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်၍ စစ်ကောင်စီထံ ပြန်လည် လွှဲအပ်ခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here