စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးပစ်ခတ်မည်ဟုခြိမ်းခြောက်ပြောဆိုလာသဖြင့် မောင်တောမြို့၊ ကျေးရွာတချို့မှဒေသခံများ ထွက်ပြေးနေရ

0
266

ရခိုင်ပြည်၊ မောင်တောအခြေစိုက် နခခ (၅) တပ်ရင်းက တစ်နာရီအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုလာသဖြင့် ကျေးရွာအချို့မှ ဒေသခံရွာသားများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ထွက်ပြေးနေကြရသည့်ကျေးရွာများမှာ ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မောင်တောမြို့နယ် တောင်ပိုင်း ဗောဓိကုန်းစခန်းနှင့် နီးစပ်သည့် ဗောဓိကုန်း၊ ရွှေရင်အေးနှင့် ကန်သာယာစသည့် ကျေးရွာများဖြစ်ပြီး လူပေါင်း ၃၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

မောင်တောမြို့ရှိ နခခ (၅) တပ်ရင်းက ဒီဇင်ဘာ ၅ ရက်၊ နေ့လယ် ၁ နာရီကျော်ခန့်က လက်နက်ပစ်မည်ဆိုသည်ဟု ရွှေရင်အေးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောသည်။

“စစ်တပ်က လက်နက်ပစ်မယ်လို့ သတင်းတွေသိရတော့ ရွာသားတွေ ထွက်ပြေးကြတာပါ။ ဒါကရွာသားတွေကို နှင်ထုတ်တဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

ရွှေရင်အေးကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးကလည်း ဘေးကင်းရာသို့ ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဟု ပြောသည်။

“ ကျမတို့လမ်းမှာ ဆောက်တည်ရာမရ ပြေးနေကြရပါတယ်။ မနေ့ကလည်း လက်နက်ပစ်တယ်။ ဒီနေ့ ထပ်ပစ်မယ်လို့ သတင်းကြားလို့ တစ်ယောက်မကျန် ထွက်ပြေးလာကြတာပါ” ဟု ပြောသည်။

မောင်တောမြို့ရှိ နခခ (၅) တပ်ရင်းက ဒီဇင်ဘာ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေရင်အေးကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရပါသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here