ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအရှေ့ဘက်ကမ်း ရေပူကျေးရွာကို အင်အားတစ်ထောင်ဝန်းကျင်နှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့သည် ဇွန်လ ၂၄ ရက်နေ့ညနေပိုင်းတွင် ဆောင်းနန်းခဲကျေးရွာကို ရောက်ရှိလာတာကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများက ထပ်မံတိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ် အင်အားကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ တောင်ပို့ကွဲ စသည့် နေရာလေးနေရာကို ဆုတ်ခွာပေးခဲ့ရသည်။
တောင်ပို့ကွဲကနေ ဆောင်နန်းခဲကျေးရွာဘက်ကို ထပ်မံထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားကာ ဆောင်နန်းခဲကျေးရွာကို လက်လွတ်လိုက်ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တခု၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“ဒီညနေပိုင်းမှာပဲ (ဇွန်လ ၂၄ ရက်နေ့) ဆောင်နန်းခဲ ကျေးရွာကို ထပ်ပေးလိုက်ရတယ်” အဆိုပါတာဝန်ရှိသူက ပြောသည်။
ဇွန်လ ၂ ရက်နေ့က စတင် စစ်ကြောင်းထိုးဝင်လာသည့် ပူးပေါင်းစစ်ကြောင်းကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန် (ရှေ့)၊ ဟိုပန် (နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စသည့် ကျေးရွာ ၁၅ ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကျေးရွာကို စောင့်ရှောက်မဲ့လူတချို့သာ ကျန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ကျန်ရှိနေသည့်ဒေသခံတို့လည်း ထပ်မံတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“အခုထိက နေရပ်ပြန်လို့ မရကြသေးပါဘူး။ ဆက်ပြီးမှ ရှောင်နေပါတယ်။ ထပ်မံပြီးရှောင်ဖို့ လိုအပ်နေတဲ့ ပြည်သူတွေကလည်း အခုကြိုးစားပြင်ဆင်နေတယ်။ ရှောင်ဖို့အတွက်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ဖယ်ခုံအရှေ့ဘက်ကမ်းကနေ ဒီးမော့ဆိုဘက်ကို ထွက်ပြေးခိုလှုံလာသည့် စစ်ရှောင်လေးသောင်းဝန်းကျင်အတွက် အခြေခံလိုအပ်ချက် များစွာရှိနေပြီး လူနားချင်းစာနာထောက်ထားမှု အကူအညီရရှိရန်လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဖိတ်ခေါ်ထားသည်။
အဆိုပါစစ်ကြောင်းက ဆောင်နန်းခဲကျေးရွာထဲက ဒေသခံနေအိမ်တို့ကို မီးရှို့ဖျက်ဆီးနေပြီး အိမ်ခြေတဝက်ကျော် မီးလောင်ပြာကျသွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။