စစ်ကောင်စီတပ်က ရေလမ်းခရီးကြောင်းပိတ်ဆို့ထားလို့ တနိုင်းဒေသကကျေးရွာတွေမှာ အခြေခံစားသောက်ကုန်များ ပြတ်လပ်

0
336
ပုံစာ - စစ်ကောင်စီတပ်က တနိုင်းနဲ့ နန်းယွန်းဒေသကိုဆက်သွယ်သွားလာတဲ့ရေလမ်းကြောင်းခရီးကိုပိတ်ဆို့ထား။

ကချင်ပြည်နယ်၊ တနိုင်းဒေသ တလူးကျေးရွာနဲ့ စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် တကားကျေးရွာဘက်ကို ဆက်သွယ်သွားလာတဲ့ ရေလမ်းကြောင်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ပြီး အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ တလူးကျေးရွာခံတွေဆီက သိရသည်။

တလူးနဲ့ တကား ကျေးရွာ ၂ ရွာဟာ ကချင်– စစ်ကိုင်း အစပ်မှာရှိပြီး တစ်ဆက်တည်းတည်ရှိနေတဲ့ ကျေးရွာတွေ ဖြစ်တာကြောင့် ကျေးရွာတွေဘက်ကိုသွားလာလို့ရတဲ့ တခုတည်းသော ဆက်သွယ်ရေးလမ်းဖြစ်တဲ့ ရေလမ်း ကြောင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ပိတ်ထားတာဖြစ်တယ်လို့ ရွာခံတွေက ပြောသည်။

အဲဒီလို ရေကြောင်းလမ်းသွားလာခွင့်ကို ပိတ်ထားလိုက်တာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ တလူးကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးက အခုလိုပြောပါသည်။

“ဒီမှာ တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းပဲ ရေလမ်းကြောင်း ပိတ်လိုက်တာပဲ။ ဒီဘက်ကနေ တလူးမှာ ထိုင်တဲ့တပ်ကနေ ပိတ်တယ်။ ဟိုဘက်ကနေတော့ ခလုံးရေဆိပ်မှာ ထိုင်ထားတဲ့တပ်ကနေ ပိတ်တာ၊ အခု ဘာစက်လှေမှကို မလာတော့တာ ဆန်၊ ဆီ၊ ဆားကအစ ဆိုင်တွေမှာ ဝယ်လို့မရတော့ဘူး” လို့ ၎င်းက ပြောသည်။

ထိုရေလမ်းကြောင်းကို တလူးကျေးရွာဘက်ခြမ်းမှာ တလူးစစ်ကောင်စီတပ်က ပိတ်ထားပြီး တနိုင်းဘက်ခြမ်းမှာ တော့ ရှင်ဗွေယန်မြို့နယ်ခွဲထဲက ခလုံးရေဆိပ်အထိုင် စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ ဒေသခံတွေထံမှ သိရသည်။

လက်ရှိ၌ ရေလမ်းကြောင်းပိတ်လိုက်တာကြောင့် တလူး၊ တကား ကျေးရွာဘက်တွေမှာ ကုန်စက်လှေတွေ အဝင်ရပ်တန့်သွားတာ ၁၀ ရက် ကျော်နေပြီဖြစ်လို့ အခြေခံစားသောက်ကုန်များဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဥ်သီး၊ စားသုံးဆီ၊ ဆန်နဲ့ စက်သုံးဆီများ လွန်ခဲ့တဲ့အပတ်ကတည်းက ပြတ်လပ်နေကြောင်းနဲ့ ခရီးသည်တွေ လည်း သွားလို့မရဘူးလို့ သိရသည်။

“ကြက်သွန်နီ/ဖြူလိုမျိုး ကုန်စိမ်းတွေကတော့ ပြတ်နေတာကြာပြီ။ အခု ဆန်တို့၊ ဆီတို့တော့ များများ လောင်ထားတဲ့ ဆိုင်တွေနည်းနည်းရှိတယ်။ အိတ်လိုက်တော့ ဝယ်မရဘူး။ တစ်ပြည်ကို ၁၅၀၀၀ \၊ ၂၀၀၀၀ လောက်ရှိတယ်” လို့ နောက်ထပ် တလူးကျေးရွာခံအမျိုးသားတစ်ဦးက ပြောပါသည်။

တလူးကျေးရွာဟာ ရွှေတူးဖော်တဲ့လုပ်ငန်းရှင်တွေနဲ့ စျေးရောင်းစျေးဝယ် လုပ်ကိုင်သူတွေ အများစုနေတဲ့ ရွှေမှော်ဒေသဖြစ်ပြီး အခုလို ရေလမ်းကြောင်း ပိတ်ဆို့ထားတာကြောင့် ရွှေတူးဖော်တဲ့လုပ်ငန်းတွေလည်း ရပ်နားထားပြီး လက်လုပ်လက်စား ပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ် လုပ်ကိုင်တဲ့ပြည်သူတွေ အခက်အခဲဖြစ်နေတယ်လို့ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တလူးရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေကြား နိုဝင်ဘာ ၅ ရက်နေ့ကတည်း နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ တလူးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဘက်က အထိနာခဲ့တာကြောင့် အခုလို ရေလမ်းကြောင်းပိတ်လိုက်တာလို့ ဒေသခံတွေထံမှ သိရသည်။

တလူးရွာရှိ စစ်ကောင်စီတပ်သည် အခုနှစ် ဇူလိုင်လကလည်း တလူး၊ တကား ဘက်သွားတဲ့ ရေလမ်းကြောင်းကို ရက်ပေါင်း ၂၀ နီးပါး ပိတ်ခဲ့တာကြောင့် ဒေသခံပြည်သူများ အဘက်ဘက်က ခက်ခဲခဲ့တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here