
မကွေးတိုင်း၊ ဆောမြို့နယ် လောင်းရှည်ဒေသ ရင်းကဲရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာလုံးကျွတ် မီးရှို့နေတာကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရင်းကဲကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံများက ပြောသည်။
ရင်းကဲရွာကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးသည် မီးလောင်ဗုံးလို့ ယူဆရတဲ့ လက်နက်ကြီးတွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦး၏ ပြောဆိုမှုအရ သိရသည်။
“ မီးခိုးလုံးတွေတော့ မြင်ရတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်။ လောင်းရှည်နဲ့ ကျင်ဒွေး သွားတဲ့လမ်းပေါ်မှာ ဖြစ်နေတာ။ ကျွန်တော်တို့လည်း ဂရုစိုက်နေနေရတယ်လို့” အဆိုပါဒေသခံက ပြောသည်။
ဒေသခံအရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အဆိုပါစစ်ကြောင်းဟာ ပခုက္ကူဘက်က လာသည့် အင်အား ၃၀၀ ကျော် ပါဝင်တဲ့ စစ်ကြောင်းဖြစ်ပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ဘက်ကို ရိက္ခာပို့မယ့်စစ်ကြောင်း ဖြစ်တယ်လို့ ခန့်မှန်းတာတွေလည်း ရှိနေသည်။

ယင်းစစ်ကြောင်းတွင် သံချပ်ကာကား ၃ စီး အပါအဝင် ကားအစီး ၃၀ ဝန်းကျင်နဲ့ ရိက္ခာတွေ ပါလာပြီး ပခုက္ကူ-တညောင်-ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာ ကနေ လောင်းရှည်ကို ရောက်ရှိနေတာ ဖြစ်ကြောင်း ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။
လက်ရှိတွင် အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့တိုးဖို့ ခက်နေပြီး ဖြည်းဖြည်းချင်းသာ ရွှေ့နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောဆိုသည်။
ယင်းအပြင် စစ်ကောင်စီစစ်ကြောင်း ဦးတည်နေသည့် ကန်ပက်လက်မြို့တွင်လည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများကို ဂရုစိုက်သွားလာကြဖို့ ဒေသကာကွယ်ရေး တပ်တွေက တိုက်တွန်းထားကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။