တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ရွာသားနှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးသွားသည့်အပြင် နေအိမ် နှစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီး သွားခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် လယ်ကွင်းအတွင်း ငါးဖမ်းနေသည့် သရက်နှစ်ခွကျေးရွာသား ၂ ဦးကို လူသားဒိုင်း ပုံစံဖမ်းဆီးကာ လမ်းပြခိုင်းခဲ့ပြီးနောက် ဥတ္တူကျေးရွာက နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ် သည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “အရင် စရှို့တဲ့ အိမ်ကတော့ တစ်ဆောင်လုံး ပြာကျသွားတယ်။ နောက်အိမ်ကတော့ တခြမ်းပဲလောင်သွားတယ်” ဟု ပြောသည်။
ဇွန်လ ၆ ရက် နံနက် ၅ နာရီခန့်က သရက်နှစ်ခွကျေးရွာဘက်မှ ဥတ္တူတံတားအနီး လယ်ကွင်းလမ်းမှ ဥတ္တူကျေးရွာအတွင်း အင်အား ၅၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းက မီးရှို့သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က ကျေးရွာအတွင်း ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ရွာတောင်ပိုင်းရှိ နေအိမ်တစ်ဆောင်ကို စတင် မီးရှို့ခဲ့ပြီး နံနက် ၈ နာရီ အချိန်ခန့်တွင် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်ဆောင်ကိုလည်း ထပ်မံ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အသက် ၅၀ အရွယ် ရွာသားက ဆက်ပြောသည်။
ယင်းနောက် ထိုနေ့ နံနက် ၉ နာရီခွဲခန့် အချိန်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ရွာသားနှစ်ဦးကို ဆက်လက်ခေါ်ဆောင်ပြီး ဥတ္တူကျေးရွာမှ ကျောက်လှေကားရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ရွာ သားများက ပြောသည်။
ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်လာစဉ်ကတည်းက ရွာသားများမှာ စိုးရိမ်ကြောက်ရွံ့ ဘေးလွတ်နိုင်မည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေအိမ်သို့ပင် မပြန်ရဲကြသည့် ရွာသားတချို့ ရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။
မေလ ၃၁ ရက် ကလည်း ထားဝယ်မြို့နယ် သင်္ကန်းတုံးကျေးရွာက နေအိမ် ၈ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
NMG – ပေးပို့သည်။