တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ၃ နှစ်ကြာ ရပ်နားထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲကို စစ်ကောင်စီက ဖိအားပေး ကျင်းပခိုင်းသဖြင့် ပြန်ကျင်းပမည်ဟု ဒေသတွင်းရှိ ဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဘုရားပွဲ ပြန်လည်ကျင်းရန်ဟုဆိုကာ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များမှ ရပ်မိရပ်ဖများအား စစ်ကောင်စီမှ ဖိအားပေးခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသတွင်းရှိ ဗုဒ္ဓဘာသာအသင်းတာဝန်ရှိသူတစ်ဦးက “ထားဝယ်ရော ကော့သောင်းမှာပါ ကျင်းပနေတယ်။ ဆင်ခြေပေးတာတွေ မလိုချင်ဘူး၊ ပုံမှန်အတိုင်း ဘုရားပွဲကို ပြန်ကျင်းပပေးဖို့ စစ်ကောင်စီက ပြောတယ်။ မကျင်းပ နိုင်ရင် သူတို့ကိုယ်တိုင် ကျင်းပမယ်။ ဘုရားဂေါပက လက်ထဲရှိနေတဲ့ ဘဏ္ဍာငွေသိန်း ၉၀၀ ကျပ်ကိုတော့ စာရင်းဇယားနဲ့ အပ်ပေးရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်” ဟု ပြောပါသည်။
ရပ်နားထားသည့် ဘုရားအပူဇော်ခံပွဲကို စစ်ကောင်စီမှ ပြန်လည်ကျင်းပရန် ပြင်ဆင်ခိုင်းနေခြင်းမှာ နယ်မြေတည်ငြိမ် အေးဆေးနေသည်ဟု အကြောင်းပြရန်အတွက် ဘာသာရေးပွဲလမ်းသဘင်ကို ခုတုံးလုပ် ဖန်တီးနေခြင်းဖြစ်ပြီး မီဒီယာစာမျက်နှာများပေါ်မှတဆင့် လိမ်ညာဖို့ကြိုးစားနေခြင်းသာဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။
မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လှည့်ပူဇော်ပွဲကို ၂၀၁၉ ခုနှစ်တွင် ၉၂ ကြိမ်မြောက် အဖြစ် နောက်ဆုံး ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါဘေးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးသည့်နောက် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများကြောင့် ဘုရားပွဲတော်ကို ရပ်နားထားခဲ့ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းများအတွင်း ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် “၁၀၂၇ စစ်ဆင်ရေး”တိုက်ပွဲများနှင့် နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် ကျင်းပမည့်ဘုရားပွဲတွင် စိတ်ချရသည့် လုံခြုံရေး မရှိနိုင်ဟု မြိတ်မြို့ ခံများက ပြောသည်။
မြိတ်မြို့ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ၉၃ ကြိမ်မြောက်အဖြစ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲကို ၃ ရက်ကြာ ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး မြို့လှည့် အပူဇော်ခံခြင်း အစီအစဥ်ကို ပြုလုပ်သွားမည် မဟုတ်ဘဲ ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော် မဏ္ဍပ်များတွင်သာ ပွဲတော်ကို ကျင်းပသွားရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဆိုသည်။
ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော် မဏ္ဍပ်များတွင် သတ်မှတ်ထားသည့် ပွင့်စဥ်များအလိုက် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ နေ့စဥ် နံနက် ၆ နာရီ မှ ည ၁၀ နာရီအထိ ၃ ရက်ကြာ ပွဲတော်ကို ကျင်းပသွားမည် ဖြစ်သည်။
အလားတူ ၃ နှစ်ကြာ ရပ်နားထားသည့် ၁၁၂ ကြိမ်မြောက် ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကိုလည်း ယခုနှစ်တွင် ပြန်လည် ကျင်းပသွားမည်ဖြစ်ပြီး ဘုရားလှည့်လည် ပူဇော်ခံပွဲကို ညဘက်အစား နေ့ဘက်သို့ ပြောင်းလဲ ကျင်းပသွားမည် ဖြစ်ကြောင်း ထားဝယ်ဘုရားကြီး ဂေါပကအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။