4 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီက အရေးပေါ်ကာလ ၆ လသက်တမ်း ထပ်မံတိုးနိုင်ဟု တော်လှန်ရေးအင်အားစုတို့ပြောဆို

စစ်ကောင်စီက အရေးပေါ်ကာလ ၆ လသက်တမ်း ထပ်မံတိုးနိုင်ဟု တော်လှန်ရေးအင်အားစုတို့ပြောဆို

စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာပြီး နိုင်ငံတော်အာဏာကို ရယူထားသော စစ်ကောင်စီက နိုင်ငံတဝန်း အရေးပေါ်ကာလ နောက်ထပ် ၆ လသက်တမ်း ထပ်မံတိုးလိမ့်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးထား ခဲ့ရာတွင် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

အရေးပေါ်ကာလ နောက်ထပ် ၆ လသက်တမ်း ထပ်မံတိုးနိုင်သည့် အခြေအနေကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ စစ်ဦးစီးချုပ် ဒေါက်တာသီရိမွန်ချမ်းက “၆ လ သက်တမ်းပြည့်တော့မယ်၊ ဇန်နဝါရီ ၃၁ ရက်မှာ စကစအနေနဲ့ ၆ လ ထပ်မံ သက်တမ်းတိုးဖို့က သိပ်ပြီးသေချာနေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ကို အကြောင်းပြချက်ပေးကာ နိုင်ငံတဝန်း အရေးပေါ်ကာလ ၆ လစီဖြင့် ၆ ကြိမ်တိုင် သက်တမ်းတိုးခဲ့ပြီး နိုင်ငံတော်အာဏာ ရယူထားသည်မှာ လာမည့်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၄ နှစ် ပြည့်တော့မည် ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ ကျင့်ဝတ်သိက္ခာကို အလေးထားသည့် အဖွဲ့အစည်းမဟုတ်သည့်အတွက် အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်တိုးလိမ့်မည်ဟု ရခိုင်အမျိုးသားကောင်စီ (AA/ANC) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကလည်း ယခုလိုပြောပါသည်။

“ပြောရရင် နိုင်ငံရေးအရ သူတို့က ကျင့်ဝတ်သိက္ခာ အလေးထားတဲ့သူတွေမဟုတ်ဘူး။ တိုးချင်လည်း တိုးလိမ့်မယ်၊ အကြောင်းအမျိုးမျိုးပြပြီးတော့ မတိုးလည်းဘဲ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုရင်တော့ အကောင်းဆုံးကတော့ သူတို့အတွက်ကတော့ Legitimacy (တရားဝင်မှု) ရအောင် တိုးတာတော့အကောင်းဆုံးပဲပေါ့နော်၊ မဟုတ်ရင် လည်း ဒီအတိုင်းပဲ သွားရင်သွားလိမ့်မယ်။ သို့သော်လည်း အုပ်ချုပ်ရေးအရ ပြောရရင်တော့ ဘာနဲ့သွားနေလဲ ဆိုတဲ့ဟာက မေးခွန်းထုတ်စရာရှိတယ်” ဟု ဗိုလ်မှူးကြီးမင်းထွန်းက ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ပုံစံအမျိုးမျိုးနှင့် သက်တမ်း ထပ်မံတိုးနေမည်ဖြစ်ကြောင်း၊ မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း လုပ်စရာကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်သည်ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်း တိုး၊မတိုးကိစ္စသည် သတင်းအမျိုးမျိုး ထွက်နေကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “တချို့ကလည်း တိုးမယ်ပေါ့။ တချို့ကလည်း တိုးလို့မကောင်းတော့ဘူးပေါ့။ ဘာလို့လဲ ဆိုတော့ အိမ်နီးနားချင်းတွေရော သူ့ကိုထောက်ခံတဲ့ တိုင်းပြည်တွေပါမကြိုက်တော့ ကာလုံကို ပြန်အပ်မယ်ဆိုတဲ့ သတင်းမျိုးလည်း ကြားနေရတယ်ဗျ။ ကာလုံက အမိန့်ထုတ်ပြီးတော့ အရေးပေါ်အခြေအနေကြေညာတယ်။ ကြေညာပြီးတော့ ကာချုပ်ကို နိုင်ငံတော်အာဏာလွှဲတာကိုး။ အခု ကာချုပ်ကနေပြီးတော့ အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းပြီးတော့ ကာလုံကို အာဏာပြန်အပ်မယ့်သဘောရှိတယ်” ဟု ပြောဆိုသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကာလုံကို ပြန်အပ်လို့ရှိရင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီအစိုးရ သဘောမျိုးပြန်ဖြစ်မှာပေါ့။ အခု စီမံအုပ်ချုပ်မှုကော်မတီအစိုးရက ဖယ်ပြီးတော့ အစိုးရအစားထိုး တာပေါ့ဗျာ။ နာမည်ပေါ့ နာမည်။ အဲဒီအစားထိုးတဲ့ ကာလုံအစိုးရကနေပြီးမှ ၆ လအတွင်း ရွေးကောက်ပွဲလုပ်ပေး ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကရှိတော့ ဖွဲ့စည်းပုံအရ အာဏာထိန်းတယ်ဆိုတဲ့သတ်မှတ်ချက်က ပြီးသွားနိုင် တာပေါ့။ အဲဒီလိုလည်း အသံတွေထွက်နေတယ်ဗျ” ဟု ပြောသည်။

စစ်ကောင်စီက လက်ရှိ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုထားသည့်အတွက် ယခုတကြိမ် အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးခြင်းသည် နောက်ဆုံးသက်တမ်းတိုးခြင်းမျိုး ဖြစ်နိုင်သည်ဟုလည်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူများကြား သုံးသပ်ပြောဆိုမှုတို့လည်း ရှိနေသည်။

စစ်ကောင်စီအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုထားရာ တဖက်တွင်လည်း အဆိုပါရွေးကောက်ပွဲအား မပျက်ပျက်အောင်ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။

IMNA ပေးပို့သည်။