စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာတွင် ကိုယ့်တပ်စခန်းကိုယ်ပြန်ဗုံးကြဲမိဟုဆို

0
460
ပုံစာ - ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယား(ကရင်နီ) ပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေးဂိတ် (BP-13)ကို တွေ့ရစဉ်။ (Photo - Linzawhtut Htut facebook)

ကရင်နီ (ကယား) ပြည်နယ်၊ မယ်စဲ့မြို့၊ ကျောက်ပန်းညိုရွာအနီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့တိုက်ခိုက် ရာတွင် ၎င်းတို့၏ ယာယီတပ်စခန်းပေါ်သို့ ဗုံးကျရောက်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီလေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်၏ ယာယီတပ်စခန်းပေါ်သို့ ဗုံးကျရောက်သောကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိနိုင်သည်ဟု KNDF တပ်ဖွဲ့၏ ဆေးမှူးက ပြောသည်။

အဆိုပါ လေယာဉ်ဗုံးကြဲသည့် အခြေအနေနှင့် ပတ်သက်၍ KNDF တပ်ဖွဲ့၏ ဆေးမှူးက “ မနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) မနက် ၆ နာရီလောက်က ကျောက်ပန်းညိုနားမှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်၊ ကျနော်တို့ဘက်က လူတော့ မထိဘူး။ သူတို့လူပဲ ပြန်ထိဖို့ များတယ်” ဟု ပြောသည်။

မယ်စဲ့မြို့သည် ကရင်နီပြည် (ကယား) နှင့် ထိုင်းနယ်စပ်တွင်ရှိသည့် မြို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ခြားထားသည့် နယ်ခြားမှတ်တိုင် ၁၃-၁၄ အနီးတွင် တည်ရှိသည်။ တပ်စခန်းများ တည်ရှိရာမြို့ ဖြစ်သော်လည်း ယခုအခါ နယ်ခြားစောင့်တပ်ရင်း BGF အမှတ် ၁၀၀၄၊ ၁၀၀၅ တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယင်းနယ်စပ် စခန်းများကို သိမ်းယူထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းအထိ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပြီး နေ့စဉ်နီးပါး လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေ့များတွင်လည်း ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်ဟု လက်ရှိတွင် ခဲမဖြူမြို့မှ စစ်ရှောင်ပြေးလာသည့် ဒေသခံများက ပြောသည်။

ခဲမဖြူမြို့ခံ စစ်ရှောင်အမျိုးသားတစ်ဦးက “၃၀ ရက်နေ့ မနက်ကဆို ကျောက်ပန်းညိုနားက သူတို့ယာယီစခန်း ပေါ်ကို ဗုံးလာကြဲသွားတယ်။ အဲ့နားတစ်ဝိုက်က သူတို့ပဲနေတာဆိုတော့ သူတို့ပဲ ပြန်ထိဖို့ များတယ်။ အဲ့နေ့မတိုင်ခင် ရှေ့တစ်ရက်ဆို တိုက်ပွဲမဖြစ်ဘဲ လာကြဲသွားတာ ပြောင်းဖူးလှော်နေသလိုပဲ” ဟု ပြောသည်။

မယ်စဲ့မြို့၊ ကျောက်ပန်းညိုရွာအနီးတွင် စစ်ကောင်စီလေယာဉ်ဖြင့် ကိုယ့်တပ်စခန်းကို ဗုံးပြန်ကြဲခဲ့မှု၌ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ လူဦးရေ မည်မျှထိခိုက်မှု ရှိနိုင်သည်ကိုမူ နယ်မြေအခြေအနေကြောင့် တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၏ နယ်မြေများကို တော်လှန်ရေးအဖွဲ့များမှ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင် သည့်အတွက် ကယားနှင့် ကရင်ပြည်နယ်စပ် ယာဒိုကျေးရွာနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲဖယ်ခုံများတွင် စစ်ကောင်စီဘက်မှ အင်အားအများအပြား ဖြည့်တင်းပြီး နယ်မြေ ပြန်လည်စိုးမိုးရေးအတွက် ကြိုးပမ်းနေသည့် အခြေအနေမျိုး ရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အလားတူပင် စစ်ကောင်စီ လက်လွှတ်လိုက်ရသော နယ်စပ်မြို့ဖြစ်သည့် မယ်စဲ့မြို့ကို ပြန်လည်ရယူနိုင်ရန် အတွက် နာမည်ကြီး စစ်ကောင်စီ တပ်မများဖြစ်သည့် တပ်မ ၅၅၊ ၆၆ တို့ ဖြင့် အင်အားများ ထပ်မံဖြည့်တင်း ထားကြောင်းနှင့် ခန်းမှန်းခြေ အင်အား ၄၀၀ အထိ ရှိနိုင်သည်ဟု မြေပြင်ရှိ KNDF တာဝန်ရှိသူများက ပြောသည်။

“အခုရက်ပိုင်းဆို စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးလာကြတယ်၊ အရင်ကဆို ပုံမှန် ၃ ကြောင်းပဲ၊ သူတို့ဘက်က အပေါ်အောက်ဖိပြီး အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ သဘောပေါ့” ဟု KNDF ဆေးမှူးက ပြောသည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲများအပြင် လေယာဉ်ဖြင့် ဗုံးကြဲနေသည့် အခြေအနေများကြောင့် ဒေသခံပြည်သူများ အနေဖြင့် သွားရေးလာရေးနှင့် စားဝတ်နေရေးပိုင်းတွင် အခက်အခဲဖြစ်နေကြကြောင်းနှင့် လက်ရှိတွင်လည်း ၎င်းတို့အနေဖြင့် လုံခြုံမည်ဟု ထင်ရသည့်နေရာများသို့ သွားရောက်စစ်ရှောင်နေရကြရဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်းနေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်လာသူ ၅၀၀၀ နီးပါး ရောက်ရှိနေပြီး စားဝတ်နေရေးအပြင် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်သူများနှင့် ကူညီပေးနေသူများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here