စစ်ကောင်စီက ဇရပ်ကြီးဒေသအနောက်ဘက်ခြမ်းသို့ ဝင်ခွင့်မပေးလို့ စစ်ရှောင်တောင်သူများ အခက်ကြုံနေ

0
136
Photo – Social Media

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ရှောင်တောင်သူများသည် ရွာအတွင်းသို့ဝင်ရောက်ရန် ဖြတ်သန်းသွားလာသည့် လမ်းပိုင်းကို စစ်ကောင်စီက တားမြစ်ပိတ်ဆို့ထားတာကြောင့် စိုက်ပျိုးထားသည့်စပါး ပြန်ရိတ်သိမ်းရေး အခက်ကြုံနေကြသည်ဟု ပြောဆိုကြသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့်ဩဂုတ်လအတွင်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားသဖြင့် ဒေသခံများသည် ဇရပ်ကြီးမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ စစ်ဘေးရှောင်နေကြရပြီး ဇရပ်ကြီး – ကင်မွန်းချုံလမ်းမကြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

ကင်းမွန်းချုံ၊ ပုဂံကွဲ၊ ဒါးဒေါက် အစရှိသည့် ကျေးရွာများမှ စစ်ရှောင်တောင်သူများသည် မိုးစပါးများရိတ်သိမ်းရမည့် အချိန်ကာလ ရောက်ရှိလာသော်လည်း စစ်ကောင်စီတပ်က ထိုသို့လမ်းပိတ်ပင်ထားမှုကြောင့် နေရပ်မပြန်ရဲကြဘဲ စပါးရိတ်သိမ်းရန် အခက်ကြုံနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စပါးကလည်း ဒီအပတ်ထဲမှာရိတ်ရမှာ ကင်မွန်းခြုံအရှေ့ဘက်က လူတွေကတော့ ပြန်နေသူနေကြတယ်။ လယ်ကွင်း၊ စပါးခင်းတွေက များသောအားဖြင့် အနောက်ဘက်မှာရှိတာလေ။ အဲဒီကိုတော့ ပြန်လို့တော့ မရသေးဘူး၊ ပေးမဖြတ်ဘူး။ လူချည်းပဲ ဖြတ်သွားမယ့်သူတွေပဲ ခိုးကြောင်ခိုးဝှက်ပြန်ကြတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ယခုလဆန်းပိုင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဂိတ်ချ၍ စပါးပြန်ရိတ်လိုသော စစ်ရှောင် တောင်သူတချို့ထံမှ ဖြတ်သန်းခငွေကြေး ကျပ်သိန်းနှင့်ချီ တောင်းခံနေသည်ဟုလည်း အဆိုပါဒေသခံအမျိုးသားက ဆက်ပြောဆိုသည်။

စိုက်ပျိုးထားသည့်စပါး ပြန်ရိတ်သိမ်းရေး အခက်ကြုံနေသည့်အပေါ် ဒေသခံစစ်ရှောင် တောင်သူတစ်ဦးက “ကျနော်တို့ တောင်သူလယ်သမားတွေဘဝ လယ်လုပ်ပြီး ရိတ်သိမ်းခွင့်မှမရရင် ဘယ်မှာယူပြီး ဘယ်လိုစားသောက်နေထိုင်ရမှာလဲ။ အမြန်အေးချမ်းချင်ပြီ။ ကင်မွန်းချုံ၊ ပုဂံကွဲ၊ ဒိုးတန်း ဒီနှစ်တော့ စပါးတောင် ရိတ်သိမ်းလို့ရပါ့မလား မသိတော့ပါဘူးဗျာ” ဟု ပြောသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေလျှံသဖြင့် ထန်းတပင်မြို့ပေါ်တွင်ပါ ရေကြီးရေလျှံမှုဖြစ်ပွားတာကြောင့် ဇရပ်ကြီးအနောက်ဘက်ခြမ်းကျေးရွာများမှ ထန်းတပင်မြို့ပေါ်တွင် လာရောက်စစ်ရှောင်နေသူများပါ စစ်ဘေးအပြင် ရေဘေးဒုက္ခပါ တွေ့ကြုံနေကြရကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here