ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက သြဂုတ်လအစောပိုင်းမှစတင်ပြီး စစ်တွေမြို့ ကမ်းနားလမ်းတလျှောက်မှ မြို့တစ်ပတ် သံဆူးကြိုးများ ကာရံလျက်ရှိနေသည်ဟု စစ်တွေမြို့ခံများထံမှ ပြောဆိုသည်။
“စစ်တွေတစ်ပတ် ခြံစည်းရိုး ကာနေတယ်။ အခု စကာနေကြပြီ။ ကမ်းနားလမ်းက ရေထိန်းနံရံဖြစ်တဲ့ အုတ်တံတိုင်းပေါ်ကနေ ၆ ပေ အမြင့် ခြံစည်းရိုးကာနေတာ။ သံဆူးကြိုးတွေနဲ့ ကာနေတာ။ အခုကတော့ မင်းကြီးကျောက်တန်းနားက စကာနေပြီ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ကာရံခြင်းက မြို့သူမြို့သားများ စစ်တွေမြို့အတွင်းသို့ အလွယ်တကူ ဝင်ထွက် သွားလာ၍ မရအောင် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သလို အာရက္ခတပ်တော် (AA) က စစ်တွေမြို့ထဲ အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် တားဆီးရန်လည်း ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“အဓိကတော့ ပြည်သူတွေကို အလွယ်တကူ ဝင်ထွက်သွားလာလို့ မရအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ကုလားတန်ကမ်းတလျှောက်က အရှည်ကြီးဆိုတော့ သွားချင်သလို ဝင်ထွက် သွားလာလို့ ရနေတာကို ပိတ်ပင်ဖို့ လုပ်တာပါ။ နောက်တစ်ချက်က AA ကို အကြောက်လွန်ပြီး အလွယ်တကူ ဝင်လာလို့မရအောင် လုပ်တာမျိုးလည်း ပါပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။
စစ်ကောင်စီသည် ခြံစည်းရိုးကာရံပြီးနောက် အဆိုပါ ခြံစည်းရိုးတလျှောက်တွင် လျှပ်စစ်ဓာတ်အားလွှတ်ရန် လည်း သတင်းများထွက်နေသည်ဟု နောက်ထပ်စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“သူတို့က အခု သံဆူးကြိုးကာနေတယ်။ ပြီးတော့ လျှပ်စစ်ဓာတ်အား လွှတ်မယ်။ AA တပ်တော်က လာတိုက် မှာကို ကြောက်နေကြတယ်။ AA က လာတိုက်လို့ရှိရင် ဝင်လို့မရအောင်ပေါ့။ ခြံစည်းရိုးကိုထိရင် ဓာတ်လိုက် မယ်ပေါ့။ အဲလိုမျိုး အစီအစဉ်နဲ့ လုပ်နေတာ” ဟု အဆိုပါစစ်တွေဒေသခံက ပြောသည်။
ယင်းသို့ ခြံစည်းရိုးကာရံနိုင်ရန် စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လကတည်းက ရန်ကုန်မှသင်္ဘောနှစ်စီးဖြင့် စစ်တွေမြို့သို့ ကွန်ကရစ်တိုင်၊ သစ်သားတိုင်များနှင့် ဘိလပ်မြေအိတ်များကို ပို့ဆောင်ခဲ့သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
စစ်တွေမြို့တွင် ခြံစည်းရိုးကာရံသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပေ။
ပင်လယ်နှင့် ကုလားတန်မြစ် ဝိုင်းရံထားသော စစ်တွေမြို့ပတ်ပတ်လည်တွင် စစ်ကောင်စီက ရေမြှုပ်မိုင်း များကိုလည်း ထောင်ထားသလို စစ်တွေမြို့နယ်အတွင်းလည်း လုံခြုံရေးများ တိုးမြှင့်ထားသည်ဟု ဆိုသည်။
ယင်းအပြင် အရပ်သားများကိုလည်း ပိတ်လှောင်ဖမ်းဆီးနေပြီး တိုက်ပွဲဖြစ်ပွားလာလျှင် လူသားဒိုင်ကာအဖြစ် ပြုလုပ်ရန် စစ်ကောင်စီက ပြင်ဆင်ထားကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝ စသော မြို့များကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။
လက်ရှိတွင် AA က မောင်တောမြို့နယ်နှင့် သံတွဲမြို့ နှစ်ခုလုံးကိုလည်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ရန် တိုက်ပွဲအရှိန် မြှင့်တင်ဖော်ဆောင်လျက် ရှိနေသည်။
နိရဉ္စရာ ပေးပို့သည်။