တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီက ကရင်နီပြည်အတွင်း၊ အထူးသဖြင့် မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့တွင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်တာတွေ တိုးမြှင့်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကရင်နီပြည်တွင် အရပ်သား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၈၁ ဦး သေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။
သေဆုံးသူများသည် စစ်ကောင်စီရဲ့ လေတပ်အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ အများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုသည်။
ကရင်နီပြည်ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းများနှင့် ထိန်းချုပ်နယ်မြေများ ဆုံးရှုံးနေတာကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တုန့်ပြန်တိုက်ခိုက် နေတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုသည်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းတာ၊ ဖျက်ဆီးတာတွေကို စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) က ဆက်ပြောထားသည်။
စစ်ကောင်စီဘက်က အကျအဆုံးများချိန်တွေမှာ လေတပ်ကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်တာဟာ လုပ်ထုံးလုပ်နည်း ဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA)ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
“ထိခိုက်ဒဏ်ရာရတာ များရင်လည်း ဗုံးကြဲမှာပဲ၊ သူတို့ (စစ်ကောင်စီ)ရဲ့ လုပ်ထုံးလုပ်နည်းပေါ့။ သူတို့ကတော့ တပ်ရှုံးမယ့်အခြေအနေမှာတော့ မထူးတော့ဘူးလေ လုပ်ချင်ရာလုပ်မှာပဲ။ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတာလဲ သူတို့ကသိချင်မှသိမှာပဲ သိရင်လည်းလုပ်မှာပဲလေ။ တစ်နိုင်ငံလုံးက မုန်းနေတော့ ရတဲ့၊လုပ်နိုင်တဲ့နည်းတွေနဲ့ လုပ်မှာပဲ။ သူတို့ နာပြီ၊ သေပြီ၊ ရှုံးပြီ ဆိုရင်တော့ ဗုံးကြဲတာ ခပ်များများဖြစ်နေပြီ” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲသည် ကရင်နီဒေသမှာ လက်ရှိအချိန်ထိ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားစေနိုင်ဖို့ စစ်ကောင်စီထံ လက်နက်ရောင်းချမှုကို ပိတ်ဆို့အရေးယူမှုပြုလုပ်ရန်နှင့် စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ကိုလည်း KnHRG က တောင်းဆိုထားသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲတွင် ၂၀၂၃ ခုနှစ် အတွင်း စစ်ကောင်စီက တိုင်းရင်းသားဒေသက နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကရင်နီပြည်တွင် စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှု ၉၈၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။