တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ ခရိုနီလုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ထောက်ပံ့နေမှုများအား ချက်ချင်းရပ်တန့်ရန် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် သတိပေးစာထုတ်ပြန်သည်။
သတိပေးစာတွင် ခရိုနီလုပ်ငန်းရှင်များသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့မှု တစုံတရာမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ခရိုနီလုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းမှုများ မလုပ်ဘဲ ပြည်သူတွေကို ထောက်ပံ့ ကူညီပေးကြရန်နှင့် သတိပေးထားသည့် အချိန်ကစပြီး စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
မြိတ်မြို့ရှိ ခရိုနီလုပ်ငန်းရှင် ဦးလှသန်း၊ ဦးစိုးဝင်၊ ဦးကျောက်စိမ်း အပါအဝင် ခရိုနီလုပ်ငန်းရှင် ၂၀ ဦး နီးပါးသည် စစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုတင်မက စားနပ်ရိက္ခာများနှင့် ခရီးသွားလာရေး လုပ်ငန်းစဉ်များတွင်ပါ ကူညီထောက်ပံ့နေကြောင်း ပကဖအဖွဲ့က ပြောသည်။
မြိတ်မြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ခရိုနီလုပ်ငန်းရှင်များသည် စစ်ကောင်စီကို သိန်းပေါင်းထောင်နှင့်ချီ ကုန်ကျခံ ထောက်ပံ့နေကြောင်း သိရှိနေရပြီး ယခုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ကြရန်နှင့် နောက်ဆုံးအကြိမ် သတိပေးခြင်း ဖြစ်သည်ဟု ပြောသည်။
မြိတ်မြို့နယ်အတွင်းရှိ ခရိုနီလုပ်ငန်းရှင်များသည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူပိုင် မြေယာများနှင့် ကျွန်းများကို လုပ်ပိုင်ခွင့်ရယူကာ လုပ်ငန်းတိုးချဲ့မှုများ ရှိနေကြောင်းလည်း ဒေသခံ များ၏ ပြောဆိုချက်များအရ သိရှိရသည်။
တနင်္သာရီတိုင်း၏ အဓိကစီးပွားရေးမြို့ဖြစ်သည့် မြိတ်မြို့တွင် ရေလုပ်ငန်း၊ စက်သုံးဆီဆိုင်၊ ရွှေ၊ သစ်တော ထွက်ပစ္စည်း၊ မြေယာအရောင်းအဝယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ အဓိက လုပ်ကိုင်ကြသည်။ အဆိုပါ လုပ်ငန်းအများစုကို စစ်ကောင်စီနှင့် ပေါင်းဆောင်ရွက်နေသည့် ခရိုနီလုပ်ငန်းရှင်များက အများဆုံး ပိုင်ဆိုင်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။