27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီကဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်တာပြုလုပ်

စစ်ကောင်စီကဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်တာပြုလုပ်

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်၍ နေပြည်တော်တွင် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်တာ Peace Forum ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပသွားမည်ဟု သိရသည်။

7 EAO Alliance မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်က “NSPNC ကနေပြီးတော့ ဒီပွဲကို ကမကထလုပ်ပြီးတော့ အဲဒီလိုမျိုးလုပ်ဖြစ်တယ်လို့ နားလည်တယ်။ ဒီပွဲကလည်းပဲ အရင်တုန်းကလိုမျိုး Peace Talk လို့ မခေါ်ဘဲနဲ့ Peace Forum လို့ ခေါ်တယ်ဆိုတာလည်းပဲ ဖိတ်စာအရ ကျနော်တို့တွေ့ရရတာရှိတာပေါ့” ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်ရရှိထားသော နိုင်ငံရေးပါတီများ၊ နိုင်ငံတကာပုဂ္ဂိုလ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲကိစ္စရပ်များ၊ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းများ၊ ငြိမ်းချမ်းရေးရရှိရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး စသည်တို့ကို ဆွေးနွေးနိုင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်မည့်သူထံက သိရသည်။

စစ်ကောင်စီက ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်းသည် ၎င်းတို့အာဏာတည်တံ့ရေးအတွက် တရားဝင်မှုရှိရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

“နိုင်ငံတော်ရဲ့ အာဏာကို အကြမ်းဖက်လုယူထားတဲ့ စစ်ကောင်စီအုပ်စုက ငြိမ်းချမ်းရေးစကားပြောတဲ့ အခါ ကြတော့ စကားရိုင်းရိုင်းပြောရမယ်ဆိုလို့ရှိရင် ပြည်တန်ဆာခေါင်းက ပြည်တန်ဆာပပျောက်ရေး စကားပြောတာနဲ့ အတူတူပဲလို့ ကျနော်အနေနဲ့ ပြောကြားလိုတယ်။ သူတို့ရဲ့အာဏာတည်တံရေးအတွက် သူတို့ရဲ့ အုပ်ချုပ်မှုကို Legitimacy ပေါ့နော်၊ တရားဝင်ဖြစ်ဖို့အတွက် အခုလို နိုင်ငံတကာကိုမျက်လှည့်ပြဖို့အတွက် အထူးသဖြင့် အာဆီယံကိုပေါ့နော်၊ လိမ်လည်ဖို့အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

နိုင်ငံခြား အကြံပေးပုဂ္ဂိုလ်များသည်လည်း စစ်ကောင်စီနှင့်နီးစပ်သော အာဆီယံအဖွဲ့ဝင်အချို့၊ နိုင်ငံတကာအချို့ အခကြေးပေး၍ ခေါ်ဆောင်လာနိုင်ကြောင်း၊ သမာသမတ်ကျသော ပညာရှင်များကို ခေါ်မှာ မဟုတ်ကြောင်း နိုင်နဂါးက ဆက်ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အမြင်မတူမှု၊ ဝေဖန်မှုများ ရှိနေမှာဖြစ်ကြောင်း သို့သော်လည်း လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အဖြေမဟုတ်သည့်တိုင် ဖြေရှင်းနိုင်မည့်နည်းလမ်းကို အစပျိုးခြင်းဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

“ကျနော်တို့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အဖြေမျိုးမဟုတ်သည့်တိုင်အောင် ကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံးအကျပ်အတည်းကို ကျော်လွှားနိုင်မယ့်နည်းလမ်းတွေ ဘယ်လိုအစပျိုးလို့ ရနိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေအပေါ်မှာ ဒီလို မရှိမဲ့ရှိမဲ့ အခြေအနေအောက်မှာကတော့ ဒီလိုမျိုးတွေ့ဆုံဆွေးနွေးမှု ဆိုတာကတော့ ကျနော်တို့အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက ဖိတ်ကြားခံရတယ်၊ တက်ရောက်နိုင်အောင် လည်းပဲ ကျနော်တို့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အခြေအနေအရပေါ့လေ၊ အဲဒီလိုမျိုးဆောင်ရွက်မှုတွေကတော့ ရှိနေတယ်ဆိုတာတော့ ပြောလိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ NSPNC မှ ဦးဆောင်၍ နေပြည်တော်တွင် Peace Talk 2025 ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သေးသည်။

သို့သော်လည်း လက်ရှိ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ မပါဝင်နိုင်သည့်အတွက် နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေး လမ်းကြောင်းပေါ် ရောက်ရှိမှာမဟုတ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

IMNA ပေးပို့သည်။