26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းစစ်ကိုင်းမြို့အနောက်ခြမ်းရှိ ကျေးရွာများမှ အမျိုးသားများ စစ်ကောင်စီစစ်ကြောင်းကြောင့် တိမ်းရှောင်နေကြရ

စစ်ကိုင်းမြို့အနောက်ခြမ်းရှိ ကျေးရွာများမှ အမျိုးသားများ စစ်ကောင်စီစစ်ကြောင်းကြောင့် တိမ်းရှောင်နေကြရ

စစ်ကိုင်းတိုင်း၏မြို့တော် စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများက အမျိုးသားများသည် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏဝင်ရောက်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

စစ်ကိုင်းမြို့၊ အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ကြွယ်လူး၊ ပေါက်လှ၊ သဗြူး၊ ဒေါင်းမ၊ ဆင်မြေ၊ မအူပင်၊ သာဒွန်းစသည့် ကျေးရွာများမှ အမျိုးသားအများစု တိမ်းရှောင်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုက ငါးထပ်ကြီးဘုရားအနောက်ဘက်ကရွာတွေကို စစ်တပ်က ထိုင်ထားတာ။ လူတွေ စစ်တာပေါ့၊ အဓိက, ကတော့ ယောကျာ်းလေးတွေကိုပဲ။ သွားတာကတော့ သွားလို့ရတယ်။ သူတို့နဲ့တိုးရင် ခေါ်ထားတာ။ ဖမ်းတာတော့ မဟုတ်ဘူး။ တခါတလေ တနေကုန်ဒီလိုပဲခေါ်ထားတာ။ ယောကျာ်းလေးတွေကြီးကိုပဲ ခေါ်ထားတာ” ဟု တိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါကျေးရွာများသည် ဒေသကာကွယ်ရေးတပ် Local PDF များ အားကောင်းသည့် ကျေးရွာများဖြစ်သလို စစ်ကောင်စီတပ်၏ တပ်မ ၃၃ ဌာနချုပ်၏ မျက်နှာချင်းဆိုင် ၃ မိုင်အကွာတွင်ရှိသည့် ကျေးရွာများလည်း ဖြစ်သည်။

ဇွန်လဆန်းပိုင်းကတည်းကစ၍ ဒေသခံအမျိုးသားများသည် ရရာနည်းလမ်းမျိုးစုံဖြင့် ကျေးရွာများကနေ ထွက်ခွာခဲ့ကြပြီး စစ်ကိုင်းမြို့၊ မန္တလေးမြို့ အနီးတဝိုက်တွင် လာရောက်တိမ်းရှောင်နေကြရကြောင်း သိရသည်။

“မပြန်နိုင်သေးဘူး။ ဆက်ကြာအုံးမယ် ထင်တယ်။ လုပ်ငန်းတချို့တောင် ပြောင်းရမလားပဲ။ သွားလို့မရသေးဘူး။ သူတို့တွေက ဆက်ရှိနေသေးတယ်” ဟု တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

လက်ရှိ၌ ကျေးရွာများတွင် အသက်အရွယ်ကြီးသည့် အမျိုးသားများနှင့် အမျိုးသမီးကြီးများသာ ကျန်ရစ်ကြပြီး စားဝတ်နေရေးအတွက် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြရကြောင်း ၎င်းက ပြောပြသည်။

ထိုကျေးရွာများသည် ကျောက်စိမ်းပုတီးလုပ်ငန်းနှင့် စပါး၊ ပဲနှင် ဟင်းရွက်စိမ်းများ စိုက်ပျိုးသည့်လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်သည်။

အဆိုပါကျေးရွာများသို့ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် အစပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်မှုကြောင့် Local PDF နှင့် စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်မှုများရှိခဲ့သလို ဒေသခံများလည်း ရက်ဆယ်နှင့်ချီကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုများလည်း ဖြစ်ပွားခဲ့သေးသည်။

ရှမ်းနီအသံ ပေးပို့သည်။