
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လယ်သစ်တောကျေးရွာကို စစ်ကောင်စီတပ်များက ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက ၀င်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ဒေသခံတစ်ဦးက “ဘယ်အချိန်လောက်လဲဆိုတော့ နေ့လယ်ပိုင်းလောက်၊ စာသင်ကျောင်းနားက ကြက်ခြံတွေရော ရွာထဲက အိမ် ၃ လုံး လောက်ရောပေါ့။ အကုန်ကုန်တာပေါ့” ဟု ပြောသည်။
စစ်ကောင်စီတပ်များသည် လယ်သစ်တောကျေးရွာ စာသင်ကျောင်းအနီးရှိ နေအိမ် ၃ လုံးနှင့် ကြက်ခြံ ၃ ခြံ၊ ကျေးရွာဇရပ် အနီးရှိ ကြက်ခြံ ၃ ခြံတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ထိုအပြင် ကုန်းကြီးရွာ အနောက်တောင်ဘက် တမာရွာ အထွက်လမ်းတွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်းနှင့် ကုန်းကြီးရွာ အရှေ့ဘက်ရှိ ကြက်ခြံ ၄ ခြံကိုလည်း မီးရှို့သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာများသို့ နေ့စဉ် ရက်ဆက် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာတွင် ဇူလိုင်လ ၆ ရက်နေ့က လယ်သစ်တော၊ ကုန်းကြီး၊ တမာ၊ ဆူးတပ် ကျေးရွာများက ဒေသခံ ထောင်ချီ အသက်ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ခင်ဦးမြို့နယ် အောင်ချမ်းသာကျေးရွာ (ခ) ချမ်းသာကုန်းကျေးရွာ အတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးငယ် ပစ်ခတ်ခဲ့ကြောင်းနှင့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့ပြီးနောက် နွားများအား ပစ်သတ်သွားခဲ့တာကြောင့် အနီးပတ်ဝန်းကျေးရွာများမှ ဒေသခံ ၄၀၀၀ ကျော် အသက်ဘေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။