စစ်ကိုင်းတိုင်း၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင် ဖွဲ့စည်းရေး ညှိနှိုင်းရေးမှူး ၇ ဦးကို တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း လွတ်တော်ကိုယ်စားပြုကော်မတီ (CRSH) က ကြေညာထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း လွတ်တော်ကိုယ်စားပြုကော်မတီ (CRSH) က စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေတစ်ရပ်ကို ပြဌာန်းထားပြီ ညှိနိုင်းရေးမှူးများတာဝန် ပေးထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အဆိုပါပုဂ္ဂိုလ်များသည် တစ်လခွဲကျော်အတွင်း စစ်ကိုင်းတိုင်းထဲရှိ လူပုဂ္ဂိုလ်တစ်ဦးခြင်း၊ အစုအဖွဲ့လိုက် စသည့်ဖြင့် တွေ့ဆုံဆွေးနွေးနိုင်ပြီး CRSH ကို အစီရင်ခံစာ တင်သွင်းရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါညှိနှိုင်းရေးမှူးများသည် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင်တွင် ပါဝင်ဆောင်ရွက်နိုင်ရေး အဓိကတာဝန်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။
CRSH က အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင်တွင် ၂၀၂၀ ရွေးကောက်ခံ လွတ်တော်အမတ် ၂၃ ဦး၊ CDM ၁၁ ဦး၊ ယုံကြည်လေးစားခံရသူ ၁၁ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၁ ဦး စုစုပေါင်း ၅၇ ဦးဖြင့် ပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကိုင်းဖိုရမ်အဖွဲ့အနေဖြင့် CRSH အတည်ပြုလိုက်သည့် ဥပဒေနှင့်ပတ်သက်ပြီး တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိုနှိုင်းခြင်း ဖြစ်စဉ်ကျေလည်မှုရှိအောင် ကနဦးဆောင်ရွက်ပြီးမှသာ ဥပဒေရေးဆွဲခြင်း၊ လမ်းပြမြေပုံရေးဆွဲခြင်းများ လုပ်ဆောင်သင့်ကြောင်း ထောက်ပြထားသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။