စစ်ကိုင်းတိုင်းမှ စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးဖြစ်ပွား ဆေးဝါးအကူအညီလိုအပ်နေ

0
114

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့က စစ်ရှောင်ပြည်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီ လိုအပ်နေကြကြောင်း သိရသည်။

ကျွန်းလှနှင့် ကန့်ဘလူဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးများနှင့် ဆေးကုသမှုပေးနေရမှု အခြေအနေနှင့် ပတ်သက်ပြီး ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ယခုကဲ့သို့ ပြောဆိုသည်။

“မိုးတွင်းကာလဆိုတော့ နှာစီးချောင်းဆိုးတုပ်ကွေး ဖြစ်ကြပါတယ်။ ကူးတာများတော့ အကုန်လိုလို ဖြစ်ကြပါတယ်။ ရာသီတုတ်ကွေးဆိုတော့ ဆေးပတ်လည်ရင် သက်သာပါတယ်။ ဒါပေမယ့် စစ်ရှောင်တွေဆိုတော့ အခမဲ့ ကုသပေးနိုင်လေ အဆင်ပြေလေပေါ့။ ဘယ်လောက်ထိ ဖျားတယ်ဆိုတာ မဟုတ်ဘဲ ဒါက ရာသီချိန်ဆိုတော့ ဖြစ်တဲ့ကာလပါ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲစစ်ရေးပဋိပက္ခများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲအပြင် စစ်ကောင်စီတပ်၏ လမ်းပိတ်ဆို့မှုများကြောင့် ရိက္ခာနှင့်ဆေးဝါးများမှာ သုံးဆခန့်ဈေးမြင့်တက်နေပြီး ဝယ်ယူရန်လည်း ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတာဝန်ရှိသူက “ဆေးဝါးတွေက ဈေးအရမ်းကြီးတယ်ဗျ။ အရင်ကဆို အကြွေးရတော့ အဆင်ပြေတယ်။ အခုက လက်ငင်းပေးဝယ်ရတော့ လဆိုင်းပေးကြတော့ အရမ်းခက်ခဲတယ်။ ဈေးတက်တာက သုံးဆလောက် တက်တယ်။ ကျနော်တို့လည်း ဆေးဝါးဝယ်ယူဖို့ ငွေကြေး ခက်ခဲတာကြောင့် စစ်ဘေးရှောင်တွေကို ဆေးကုသ တာတွေလုပ်ဖို့ နှောင့်နှေးနေပါတယ်။ ကုသပေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်” ဟု ပြောသည်။

အဆိုပါဒေသတွင် ပါရာစီတမော တစ်ဗူး ၅၀,၀၀၀ ကျပ်၊ အမောက်စလင် ၁၀ ကတ် ၂၅,၀၀၀ ကျပ်အထိ ပေးဝယ်နေရသည်ဟု စစ်ရှောင်များနှင့် အကူအညီပေးနေသူများက ပြောသည်။

ကျွန်းလှ-ကန့်ဘလူရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးအပြင် အခြေခံစားသောက်ကုန်များ၊ အမိုးအကာများနှင့် အဝတ်ထည်များလည်း လိုအပ်နေသည်ဟု ကျွန်းလှဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“မိုးတွင်းကာလဆိုတော့ စစ်ရှောင်တွေမှာ အခြေခံစားသောက်ကုန်တို့ အမိုးအကာတို့တော့ လိုအပ်တာပေါ့။ ကိုးတောင်ဘို့တိုက်နယ်ဆို နှစ်နှစ်ကျော်သွားပြီပေါ့။ စစ်ဘေးရှောင်တာ တချို့တွေတော့ တောတိုက်တွေနဲ့ အထိုင် ကျပေမယ့် တခြားတိုက်နယ်မှာတော့ ဒီတိုင်းပဲ ဖြစ်သလိုရှောင်နေကြရတာ ရှိတယ်။ ဒီတိုင်း အမိုးအကာနဲ့ နေကြရတာရှိတော့ ဒီအချိန်မှာတော့ အမိုးအကာတော့ လိုအပ်တာပေါ့။ အဓိကတော့ အခြေခံစားသောက်ကုန် ဆေးဝါး အဝတ်အထည်ပေါ့” ဟု ၎င်းက ပြောသည်။

ကျွန်းလှ၊ ကန့်ဘလူဒေသတွင်းရှိ စစ်ဘေးရှောင်နေသူများနှင့် စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်နေရသူများမှာ အယောက် ၁၀,၀၀၀ ကျော်ရှိနေပြီး ကျောက်အိုင်၊ တပေါင်၊ ငှက်ပျောတော၊ ငါးဘတ်အိုင်၊ သံဘို၊ ဘိုကုန်းရွာ၊ စံပြ၊ ကျီကုန်း၊ ရွာသီ၊ ဇီးတောနှင့် ချောင်းကွေ့ကျေးရွာများမှ ရွာသားများဖြစ်ကြကြောင်း သိရသည်။

ဇူလိုင်လကလည်း ကန့်ဘလူမြို့နယ်ရှိ သရက်ခေါင်းနှင့် သပြေသာတို့ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၇၂ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here