စခန်းမှူးအား ရဲတပ်သားမှ သေနတ်ဖြင့်ပစ်ခတ်မှု တောင်ဥက္ကလာပမြို့နယ်ရဲစခန်း၌ဖြစ်ပွား

0
313
ပုံစာ - စခန်းမှူးအား ရဲတပ်သားမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပရဲစခန်း (Photo-Social Media)

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် အလှည့်ကျကင်း ၂ ကြိမ် ချသည်ဆိုသည့် စခန်းမှူးအား ရဲတပ်သားမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု ဇူလိုင်လ ၁၈ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းအရင်းမြစ်က ပြောဆိုသည်။

“အလှည့်ကျကင်းချတာကို မကျေနပ်လို့ စကားများပြီး စိတ်ဒေါသကြောင့် ဖြစ်သွားကြတာပေါ့။ စခန်းမှူးတော့ တော်‌တော်လေး ထိသွားတယ်ဗျ” ဟု အဆိုပါ သတင်းအရင်းမြစ်က ပြောသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပ ရဲစခန်းတွင် အလှည့်ကျကင်း ချထားမှုအတွက် အင်အားအလုံအ‌လောက် မရှိသည့်အတွက် အလှည့်ကျကင်းအကြိမ်ရေ တိုးမြှင့်ချထားခြင်းအပေါ် စခန်းအတွင်း မပြေလည်မှုများ ရှိနေသည်ဟု အဆိုပါ သတင်းအရင်းမြစ်ထံမှ စုံစမ်းသိရသည်။

လက်ရှိ ရဲစခန်းများ၌ ဖြစ်ပေါ်နေသည့် အခြေအနေကို ရဲစခန်းများနှင့် နီးစပ်သည့် အခြားသတင်းအရင်းမြစ်တစ်ဦးက အခုလိုပြောသည်။

“စခန်းတွေမှာ သိတဲ့အတိုင်းလေ အင်အား သိပ်မရှိကြတော့ဘူး။ ဒီနေ့လို နေ့ရက်မျိုးတွေမှာ လုံခြုံရေး သွားယူကြရတယ်လေ။ အခုကာလမျိုးမှာ ဘယ်သူကလည်း ကင်းပိုစောင့်ချင်ကြပါတော့မလဲ။ မရှိ ရှိတာလေးနဲ့ လည်ပတ်နေကြရတာ” ဟု ၎င်းက ပြောဆိုသည်။

တောင်ဥက္ကလာပ ရဲစခန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သေနတ်ဖြင့် အပစ်ခံခဲ့ရသည့် စခန်းမှူး ဒု-ရဲမှူးလင်းလင်းထွန်းသည် ယာပါးဖောက်ဝင်၊ မေးရိုးဖောက်ထွက် သေနတ်ကျည်ထိမှန်ဒဏ်ရာများကြောင့် အသက်အန္တရယ် စိုးရိမ်ရသည့်အနေအထားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား အာကာစိုးကို တောင်ဥက္ကလာပ မြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားပြီး သက်ဆိုင်ရာဥပ‌ဒေဖြင့် အရေးယူရန် စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here