ဧရာ၀တီတိုင်း၊ ငသိုင်းချောင်း – ဂွလမ်းပေါ်ရှိ စစ်ကောင်စီတပ် အမှတ် (၃၄၄) အမြောက်တပ်ရင်း၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ ရက်နေ့တွင် စတင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါဒေသရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အမတ ၃၄၄ ရဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ နေ့လယ် ၁၂ နာရီမှာ စတင်တိုက်ခိုက်ပါတယ်။ အကျအဆုံး အထိအခိုက်နဲ့ တိုက်ပွဲအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ မသိရသေးပါဘူး” အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ် အမှတ် (၃၄၄) တပ်ရင်းကာကင်းများကို AA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးလာရောက်ကြဲချခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
“စစ်ကောင်စီက ဂျက်နဲ့ သုံးကြိမ်ဗုံးလာကြဲတယ်။ ညနေပိုင်း တိုက်ပွဲရပ်သွားတယ်။ အခြေအနေက တင်းမာနေတဲ့ အနေအထားရှိတယ်။ ဒီအမြောက်စခန်းကို AA နဲ့ ပူးပေါင်းအဖွဲ့က ရအောင်သိမ်းမယ်လို့ သတင်းထွက်နေတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောဆိုသည်။
ဧရာ၀တီတိုင်းအတွင်းသို့ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်နေပြီးနောက် ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်များအတွင်းတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့မှုများဖြစ်ပေါ်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တို့ ပြောဆိုမှုအရ သိရသည်။
အလားတူ တောင်ကုတ် – ပန်းတောင်းလမ်းပေါ်ရှိ ညောင်ခြေထောက်အနီးတွင်လည်း အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သတင်းရရှိသည်။
နိရဉ္စရာ ပေးပို့သည်။