16 ဧပြီ 2025 /

See today's Peace Related News

သတင်းငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့တွင် ငွေသားပြတ်လပ်မှုကြုံနေရ

ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့တွင် ငွေသားပြတ်လပ်မှုကြုံနေရ

ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းဒေသတွင် ငွေသားပြတ်လပ်မှု ဖြစ်နေသည်မှာ တပတ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် ဒေသခံများက ပြောဆိုသည်။

ထိုသို့ငွေသားရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် ငွေထုတ်၊ ငွေလွှဲဆိုင်များက ငွေသားဖြင့် ငွေလာလွှဲသူများကို ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးအပ် လုပ်ဆောင်နေကြကြောင်း သိရသည်။

ဟုမ္မလင်း၊ နန့်တောဒေသခံတစ်ဦးက “အခုက ငွေလည်လို့ မရတဲ့အတွက်ကြောင့် ပိုက်ဆံလာလွှဲတဲ့သူတွေက ဘယ်သူပဲလွှဲလွှဲ သိန်းတစ်ရာလာလွှဲတဲ့သူကို တစ်သိန်း အဲ့လိုမျိုးပြန်ပေးတာ၊ ငွေသားနဲ့ယူခဲ့မှ ထုတ်တာကတော့ တော်တော်ခက်ခဲသွားတယ်။ လွှဲလို့ရင်တော့ ပိုက်ဆံပြန်ရတယ်” ဟု ပြောသည်။

ဟုမ္မလင်းမြို့အတွက် လိုအပ်သည့်ငွေသားများကို မန္တလေးမြို့ရှိ ပန်းတိမ်နှင့် ရွှေလုပ်ငန်းများထံကနေ စီးဆင်း နေခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ယင်းသို့စီးဆင်းမှု ရက်သတ္တပတ်ကျော်ကြာ ရပ်တန့်နေခြင်းဖြစ်သည်။ လက်ရှိတွင် မုံရွာမြို့လုပ်ငန်းရှင်များထံမှ ငွေသားစီးဆင်းနေသော်လည်း လုံလောက်မှုသေးကြောင်း သိရသည်။

ထိုသို့ငွေသားပြတ်လပ်မှုကြောင့် ရွှေစျေးနှုန်းမှာ စျေးကွက်၌ ပေါက်စျေးထက်များစွာ စျေးနှိမ်ပြီး ပန်းတိမ်နှင့် ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဝယ်ယူနေကြသည်ဟု ဆိုသည်။

ယင်းအပြင် လက်ရှိတွင် သင်္ကြန်ကာလနီးလာတာကြောင့် ငွေသားလိုအပ်ချက်မြင့်လာပြီး ရွှေစျေးနှုန်းအား စျေးနှိမ် ဝယ်ယူနေကြသော်လည်း လုပ်ငန်းရှင်များက ရောင်းချနေရသည်ဟု သိရသည်။

“ရွှေစျေးကလည်း မနေ့တုန်းက အနေအထားအရတော့ သူတို့ပြန်တော့ပြင်ခဲ့တယ်။ သို့သော် ပေါက်စျေးအတိုင်း မရဘူး။ ပေါက်စျေးက သိန်း ၆၀ ကျော်တယ်လေ။ အခုကတော့ ၅၀ ဝန်းကျင်နားမှာပဲ။ ဟိုနေ့က ကျွန်တော်မေး တာကတော့ ၄၀ ကျော်ပဲပေးတာ။ ရောင်းတဲ့သူတွေက ရှိလားဆိုတော့ ရှိတာပါ့။ မရှိလို့လည်း မရဘူးလေ။ အခုက သင်္ကြန်နားနီးလာတော့ မျှောသူ/မျှေသားတွေ ၊ ဒီဇယ်ဖိုးတွေ၊ အိတ်ဖက်ဖိုးတွေ၊ ဆန်ဖိုးဆီဖိုးတွေ အစအဆုံးရှင်း ရတော့ တာလေ။ သင်္ကြန်ဆိုတော့ မျှောသားတွေက ပြန်ရတဲ့အတွက် ငွေကရှင်းရမှာဆိုတော့ ငွေသားက မရှိတော့တဲ့အတွက် ရောင်းချပြီးတော့မှရှင်းရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့သည် အထက်မြန်မာပြည်တွင် ရွှေတူးဖော်မှုလုပ်ငန်း အကြီးဆုံးလုပ်ကိုင်နေသည့် ဒေသတစ်ခုဖြစ်ပြီး နေ့စဉ် ငွေသားနှင့် ငွေစီးဆင်းမှု ကျပ်သန်းနှင့်ချီရှိသည့် မြို့တစ်ခုလည်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။