အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆ ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
အတည်ပြုထားနိုင်သော ထိခိုက်သေဆုံးသူ ၆ ဦးမှာ မမိုးသူဇာနိုင်၊ ဒေါ်လဲ့လဲ့မိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း၊ မဖူးဝေဝေတို့ဖြစ်ပြီး ဆေးကုသခွင့်မရသေးသူ စုစုပေါင်း အယောက် ၄၀ ထက်မနည်းလည်း ရှိနေသည်ဟု PPNM က ဆိုသည်။
မတ်လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်စဉ်အတွင်း အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် ၁ နှင့် ၂ ပြိုကျမှုကြောင့် ထိုသို့ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက ပြောသည်။
ကိုသိုက်ထွန်းဦးက “ငလျင်ကြောင့်ဆုံးတဲ့သူတွေက အကျဉ်းထောင်ဆိုက်တွေမှာ လူဦးရေကြပ်ညပ်စွာနဲ့ နေထိုင်နေရတဲ့အချိန် ပြီးတော့ ထောင်အခေါ်အရ တန်းပိတ်ချိန်ပေါ့နော်။ အခန်းထဲမှာပဲ သော့ခလောက် ခတ်ခံထားတဲ့အချိန်တွေ ဖြစ်တဲ့အတွက် သေဆုံးမှုတွေ ဒီလောက်မြင့်တယ်လာတယ်လို့ ပြောလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် ဆုံးခဲ့တာလို့ ပြောချင်ပါတယ်။ ဒါပေမယ့်တချို့က ချက်ချင်းဆုံးတာမဟုတ်ဘဲနဲ့ အပြင်မှာဆုံးသွားသူတွေလည်း ရှိပါတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသူ ၆ ဦးသည် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုအတွင်း ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များ၏ သတင်းထိန်ချန်မှုကြောင့် ဧပြီလ ၅ ရက်နေ့မှသာ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု PPNM က ဆိုသည်။
ထို့အပြင် ၉ ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားတွင်ရှိနေပြီး လက်တလောကာလ၌ အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများ အရေအတွက်ကို ခွဲခြားသတ်မှတ်ရန် ခက်ခဲသည်ဟု ပြောဆိုကြသည်။
“ဒီ ၆ ဦးက အနည်းဆုံး အရေအတွက်ဖြစ်ပြီးတော့ ကျန်အရေအတွက်တွေကို ဆက်ပြီး အတည်ပြုနေဆဲဖြစ်တယ်။ ရရှိတဲ့အချက်အလက်တွေနဲ့ အတည်ပြုနိုင်တဲ့ဟာတွေကိုတော့ အချိန်နဲ့တပြေးညီ ကျနော်တို့ထုတ်ပြန်နိုင်ရေး ကြိုးစားလျက်ရှိပါတယ်။ သိုသော်လည်းပဲ ထောင်အာဏာပိုင်တွေဘက်က သတင်းစီးမှုနဲ့ သတင်းရယူခွင့်တွေကို ကန့်သတ်တဲ့အခြေအနေတွေကြောင့် ကျနော်တို့တွေ အခုလိုမျိုး နှောင့်နှေးပြီးမှ ထုတ်ပြန်နေရတာ ဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းတောင်တို့တွင် အင်အား ရစ်ချ်တာ စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ရာ အိုးဘိုထောင်တွင် လူဦးရေပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းများဘက်မှ ၆ ဦး ပါဝင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိ၌ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဘေးဒဏ်သင့် အကျဉ်းသားများအတွက် အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေး၊ ပတ်တီး စသည့် အရေးပေါ်ကုသရေးပစ္စည်းများ လိုအပ်နေပြီး မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် ပိတ်ပင်ထားသည်ဟု PPNM က ပြောဆိုသည်။
NMG ပေးပို့သည်။