မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်သည့် PRA Magway က ပြောဆိုသည်။
နိုဝင်ဘာ ၅ ရက်နေ့က ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ အမ်း – ပဒါန်း လမ်းပိုင်း လုံခြုံရေးယူနေသော စစ်ကောင်စီကင်းစခန်းနှစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်တဲ့ ကင်းစခန်းတွေမှာတော့ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ ဆုတ်သွားကြပြီ။ မရှိတော့ဘူး။ ဂုတ်ကြီးကျေးရွာ ရဲစခန်းရှေ့မှာတော့ လုံခြုံရေးယူတာမျိုးတွေရှိတယ်။ တချို့နေရာတွေမှာ အချိန်းအပြောင်းလုပ်တာတွေရှိတယ်” ဟု PRA Magway ၏ စစ်ဦးစီးချုပ်နောင်သူရိန်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် မကွေးတိုင်းအတွင်း ပထမဆုံး ထိုးစစ်လည်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဟန်ချက်ညီညီ စုဖွဲ့ပြင်ဆင်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကိုနောင်သူရိန်က ဆက်ပြောဆိုသည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုသည် မိနစ် ၃၀ ဝန်းကျင်ကြာမြင့်ကာ စစ်ကောင်စီဘက်က စစ်ကူရောက်လာပြီး နှစ်ဖက်ညှပ်ပစ်ခတ်မှုနှင့် လေကြောင်းရန် ကာကွယ်ရေးစခန်းမှနေ၍ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်မှုကြောင့် ကင်းစခန်းကို အပြီးသတ် မရှင်းလင်းနိုင်ခဲ့ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူများကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ဆောင်သွားသည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။