ဂျိုင်းမြစ်ဒေသခံများက ကထိန်ပွဲတော်အလွန်တွင် ဒေသအတွင်း စစ်ရေးပြန်လည်ပြင်းထန်လာမည်ကို စိုးရိမ်နေ

0
115
ပုံစာ - ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာတစ်ရွာ (Photo – CJ)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် တော်လှန်ရေးတပ်ဖွဲ့များက အင်အားအများအပြားဖြင့် လှုပ်ရှားနေသည့်အပြင် စစ်ကောင်စီတပ်ကလည်း ရေကြောင်းဖြင့်ပါ စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့်အတွက် ဒေသတွင်း စစ်ရေးပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

လက်ရှိတွင် ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာတို့တွင် နေ့စဉ်နီးပါး ကထိန်ပွဲ ကျင်းပပြုလုပ်လျှက်ရှိပြီး ကထိန်ကာလအတွင်း တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် မွန်သံဃာတော်များက တော်လှန်ရေးတပ်ဖွဲ့တို့ကို တောင်းဆိုထားကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ထိုကြောင့် လတ်တလောတွင် ဂျိုင်းမြစ်ဒေသတွင်း စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်းနှင့် ကထိန်ပွဲတော်အလွန်တွင် တိုက်ပွဲများပြန်လည် ဖြစ်လာနိုင်သည်ဟု ဂျိုင်းမြစ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မွန်သံဃာတွေ အဲ့လိုတောင်းဆိုထားတယ်လို့ ပြောနေကြတယ်။ ဒီကထိန်ကာလအပြီးမှ တိုက်ပွဲတွေ ဖော်ချင်ဖော်ပေါ့၊ အဲလိုတောင်းဆိုထားတယ်လို့ ကြားတယ်။ ဆိုတော့ ဒီအချိန်မှာ အခြေအနေတွေငြိမ်နေတော့ မကြာခင်မှာ တိုက်ပွဲတွေ ပြင်းထန်ဖို့ရှိမယ်လို့ ကျနော်တို့တွက်ထားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအခြေအနေကြောင့် ဒေသခံတချို့က ပြောင်းရွှေ့ရန် ကြိုတင်စီစဉ်နေမှုလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

လတ်တလော၌ ဂျိုင်းမြစ်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်ဘက်က Drone ဖြင့် နေ့စဉ် စုံစမ်းထောက်လှမ်းမှု လုပ်ဆောင်နေသည်ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

“ကထိန်က ဘာသာရေးပွဲမို့ တိုက်ပွဲဆင်နွှဲတာတွေမလုပ်ဖို့ မွန်ဘုန်းကြီးတွေက တော်လှန်ရေးအဖွဲ့တွေကို တောင်းဆိုထားတယ်လို့ ကြားမိပါတယ်။ တဘက်မှာလည်း စစ်တပ်ဘက်က Drone နဲ့ နေ့ညမပြတ် ထောက်လှမ်းနေတာရှိတယ်” ၎င်းက ပြောသည်။

ဂျိုင်းမြစ်ဒေသတွင်း သန်းခေါင်စာရင်း စကောက်သည့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒေသတွင်းရှိ ကော့ဘိန်း၊ မင်းရွာ၊ ဓမ္မသ အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီက လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်မှုပြုလုပ်နေပြီး ဒေသခံပြည်သူများကိုလည်း သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသတွင်းလှုပ်ရှားနေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမှု အားကောင်းနေပြီး ပွင့်လင်းရာသီကာလတွင် စစ်ရေးဖော်ဆောင်မှု ဆက်တိုက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားကြသည်။

ဂျိုင်းမြစ်ဒေသတွင် ပြီးခဲ့သည့်နှစ်က စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးသွားသည့်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရချိန်တွင် နောက်ထပ်တိုက်ပွဲများ ထပ်ဖြစ်လာမည့်ကို ဒေသခံတို့က စိုးရိမ်ထိန့်လန့်နေကြရသည်။

အလားတူ မွန်ဒေသအတွင်းရှိ ပဋိပက္ခဖြစ်ပွားမှုများသည့် ရေး၊ သံဖြူဇရပ်နှင့် ကျိုက်မရောမြို့နယ်မှ ဒေသခံ မွန်သံဃာတော်များက သီတင်းကျွတ်နှင့် ကထိန်ကာလအတွင်း တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် တော်လှန်ရေးအဖွဲ့တို့ထံ တောင်းဆိုထားကြသည်ဟုလည်း ဒေသခံတို့အကြား ပြောဆိုလျှက်ရှိနေသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here