ဂန့်ဂေါ မင်းရွာရဲစခန်းကို ABSDF နဲ့ ပူးပေါင်းအဖွဲ့သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိ

0
286
ပုံစာ - မင်းရွာရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်။ (Photo – CJ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် မင်းရွာရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ABSDF Coulmn 3 က အတည်ပြုပြောဆိုသည်။

ဒီနေ့ နိုဝင်ဘာလ ၃ ရက် မနက်အစောပိုင်းမှ ၉ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ABSDF Coulmn 3 က ဆိုသည်။

“ဒီဘက်မှာက ပျူရွာတွေ မရှိဘူး။ စစ်ကူလည်း လာနေတယ်ဆိုပေမဲ့ တော်တော်ဝေးလို့ မရောက်လာနိုင်ဘူး။ သုံ့ပန်းတွေ မိတယ်။ လက်နက်တွေ သိမ်းဆည်းရမိတယ်” လို့ ABSDF Column 3 က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါသည်။

မင်းရွာရဲစခန်းမှာ စစ်ကောင်စီစစ်သားနှင့် ရဲ ပူးပေါင်းအင်အား ၅၀ ဝန်းကျင် တပ်စွဲထားတာဖြစ်ပြီး ယင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရဲအုပ်အေးမင်းစိုး အပါအဝင် ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၇ ဦး ထွက်ပြေးလွတ်မြောက်သွား တယ်လို့ ၎င်းက ဆက်ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ရဲ့လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ၆၀-မမ လက်နက်ကြီးတွေကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ABSDF Coulmn 3 ထံမှ သိရသည်။

ယခု စခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉ နှင့် ABSDF ယောဒေသနှင့် ရပ်ကျေး ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်း နှင့်အတူ နယ်မြေချင်းဆက်စပ်နေသည့် ကလေးမြို့နယ်တွင်လည်း စစ်ကောင်စီ တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တပ်စခန်း ၄ ခု ကို သိမ်းဆည်းရမိထားတယ်လို့ ABSDF Coulmn 3 ထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here