ဂန့်ဂေါမှာ စစ်ကောင်စီ အင်အားတိုးချဲ့လို့ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ဟု PDF ပြောဆို

0
242
ပုံစာ - ဂန့်ဂေါတွင် စစ်ကောင်စီနဲ့ PDF ကြား စစ်ရေးတင်းမာနေသည်။ (Photo – CJ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာ၊ အင်အားတိုးချဲ့တာနဲ့ စစ်ရေးပြင်ဆင် မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောသည်။

စစ်ကောင်စီတပ်ဟာ ထီးလင်း၊ ဆော၊ လောင်းရှည်နဲ့ ကျောက်ထု ဒေသတွေကို အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး နေသလို စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လောလောဆယ်မှာတော့ သူတို့ဘက်က အင်အား သုံးရာလောက်နဲ့ ကားတွေ၊ ရိက္ခာတွေလည်း ပါတယ်။ စစ်ရေးပြင်ဆင်လာတာတွေ ရှိတယ်ပေါ့။ ဘာလုပ်မလဲတော့ မသိရသေးဘူး။ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိပါတယ်။ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အနေအထားပါ” လို့ ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက ကားအစီးရေ ၃၀ ဝန်းကျင်နဲ့ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ လောင်းရှည်မြို့ကို ရောက်ရှိနေပြီး ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမယ်ဆိုတာကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြည့် နေတယ်လို့ ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီရဲ့ အဆိုပါယာဉ်တန်းက ချင်းပြည်နယ်အစပ်ကို ရိက္ခာပို့ဖို့ အသုံးပြုတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပြီး ဇူလိုင် ၁၄ ရက် နေ့လည်ပိုင်းမှာလည်း လောင်းရှည်မြို့နယ် အင်းပူးရွာဝန်းကျင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ရင်းကဲကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းတွင် ပြည်သူ ၃၀၀ ကျော်သည် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရပြီး မီးရှို့ဖျက်ဆီးခံထားရသည့် နေအိမ်အဆောက်အအုံ ထောင်ချီရှိနေပြီ ဖြစ်တယ်လို့ လွတ်လပ်သော အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here