ဂန့်ဂေါပျူစောထီးရွာက ထွက်ပြေးလာသည့်မိသားစု မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

0
258
Photo - CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပျူစောထီးကျေးရွာကနေ ထွက်ပြေးလာသော မိသားစုတစ်စုသည် စစ်ကောင်စီ တပ်သားများထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က ဂန့်ဂေါ၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်ပြေးလာသည့် မိသားစုဝင် ၄ ဦးထဲက အသက် ၂၈ နှစ်အရွယ် အမျိုးသမီးမှာ မြေမြှုပ်မိုင်းနင်းမိပြီး သွေးထွက်လွန်သတိမေ့နေတာကြောင့် ထိုလူနာအမျိုးသမီးကို ထမ်းပိုးကယ်ဆယ်ခဲ့ရတယ်လို့ ဂန့်ဂေါ ပ.က.ဖ မှ ကိုနွေဦးက ပြောသည်။

“စစ်ကောင်စီအောက်မှာ မနေလိုတာကြောင့် ထွက်ပြေးလာရင်း မိုင်းနင်းမိတာပါ။ ရှစ်မိုင်လောက်ထိ သွားရောက် ကယ်ဆယ်ပြီး ထမ်းခဲ့ရတယ်။ အချိန်မီဆေးချိတ်နိုင်လို့ မစိုးရိမ်ရဘူး” လို့ ၎င်းက ဆက်ပြောသည်။

အဆိုပါမိုင်းထိလူနာအမျိုးသမီးကို ဂန့်ဂေါမြို့နယ် ပ.က.ဖ၊ YPDF နဲ့ နှမ်းခါးလူငယ်အဖွဲ့က ၈ မိုင်လောက် အကွာအဝေးထိ သွားရောက်ခေါ်ဆောင် ကယ်ဆေးကုသပေးခဲ့တာကြောင့် လူနာအမျိုးသမီးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း လက်ရှိတွင် ဆေးကုသစရိတ်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေဆဲဖြစ်တယ်လို့ ၎င်းက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ပတ်ဝန်းကျင်များတွင် မြေမြှုပ်မိုင်းနှင့် ခြေနင်းမိုင်းများကို စစ်ကောင်စီက ထောင်ထားတာကြောင့် မိုင်းနင်းမိသည့် ကာကွယ်ရေးရဲဘော်နဲ့ ဒေသခံပြည်သူ ၁၈ ဦး ခန့်ရှိပြီ ဖြစ်တယ်လို့ ဒေသတွင်းစုံစမ်းမေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ပျူစောထီးကျေးရွာများကို PDF တပ်ဘက်က ပိတ်ဆို့ထားတာကြောင့် အဆိုပါကျေးရွာများတွင် လူ့အသုံးအဆောင်ပစ္စည်း ပြတ်လပ်မှုများနှင့် ကြုံတွေ့နေကြရပြီး ရွာခံတချို့နှင့် လက်နက်ကိုင် ပျူစောထီး
တချို့သည် PDF ဘက်သို့ ထွက်ပြေးခိုလှုံလာလျက်ရှိရာ ၂ လအတွင်း ခိုလှုံလာသူ ၆၀၀ ကျော် ရှိပြီဟု သိရသည်။

ထိုသို့ ထွက်ပြေးခိုလှုံလာသူများကို မြို့နယ် ပ.အ.ဖ က ရိက္ခာထောက်ပံ့ပေးခြင်းအပြင် တကိုယ်ရေသုံးပစ္စည်းများ လည်း ထောက်ပံ့ထားတယ်လို့ ဒေသခံတို့ထံမှ သိရှိရသည်။

ဂန့်ဂေါမြို့တွင် ပျူစောထီးကျေးရွာ ၇ ရွာ ရှိပြီး လူဦးရေ ၆၀၀၀ နီးပါးရှိကာ ထိုရွာများအား PDF တပ်တွေက ဖြတ်လေးဖြတ် လုပ်ဆောင်ထားကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here