မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသမှာ စစ်ကောင်စီတပ်ရဲ့စခန်းတွေကို စတင်သိမ်းပိုက်နေပြီလို့ ကာကွယ်ရေးအင်အားစုတွေက အတည်ပြုပြောဆိုသည်။
ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကစပြီး စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်နေပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ကာကွယ်ရေးအင်အားစုတွေက ပြောသည်။
ဂန့်ဂေါနှင့် ဆက်စပ်နေသည့် စစ်ကိုင်းတိုင်း ကလေး၊ တမူးဘက်မှာလည်း စစ်ကောင်စီရဲ့စခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်နေတယ်လို့သိရပြီး စခန်းတချို့ကို သိမ်းဆည်းရမိထားတာရှိတယ်လို့ ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မြောက်စည်း စခန်းကိုလည်းရပြီ၊ မင်းရွာစခန်းကိုလည်း ရပြီ။ ခုလေကြောင်းနဲ့ လာပစ်နေတယ်။ တိတိကျကျတော့ သိရဖို့ ခက်သေးတယ်။ ကလေးဘက်က စခန်းတွေကိုလည်း ရထားတာ ရှိတယ် ပြောတယ်။ စခန်းနှစ်ခု အထက်ရပြီလို့ သိထားတယ်” လို့ ပြောဆိုသည်။
ဂန့်ဂေါမြို့နယ် ဟံသာဝတီ ပျူရွာအနီးရှိ မြောက်စည်း ရဲစခန်း၊ မင်းရွာ ရဲစခန်းနဲ့ ကလေး ခမ်းပတ် စစ်ကောင်စီစခန်းတွေကို သိမ်းဆည်းရမိထားတယ်လို့ သတင်းများထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
စခန်းသိမ်းတိုက်ပွဲတွေကို ABSDF၊ PDF တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရသည်။
ဂန့်ဂေါက ပျူစောထီး ကျေးရွာတွေနဲ့ စစ်ကောင်စီ ရဲစခန်း၊ တပ်စခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေက ပိတ်ဆို့ထားတာ ၈ လကျော် ကြာမြင့်နေပြီဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ စခန်းသိမ်းတိုက်ပွဲတွေကို စတင်ပြုလုပ်နေတာလည်း ဖြစ်ပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။