ချီဖွေတွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု မြေပြိုကျမှုကြောင့် လူငယ် ၂ ဦး သေဆုံး

0
289
Photo - KNG

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲ (Hpare) ကျေးရွာနှင့် ပန်ဝါအကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက်တစ်ခု မြေပြိုကျမှုကြောင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများရှိကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နယ်မြေတွင် ရှိသည့် ဖရဲကျေးရွာ အနီးရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်နေရာတွင် ဇွန် ၁၈ ရက် က မြေပြိုကျမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖရဲဒေသခံတစ်ဦးက အခုလို ပြောသည်။

“KIA တပ်ရင်း ၃၂ အနီးက လုပ်ကွက်မှာ ဟုတ်တယ်။ တစ်ယောက်က တရုတ်လူမျိုး၊ တစ်ယောက်က ရဝမ်လူငယ် ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျ ပြန်မသိဘူး။ အခြား ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ အလောင်း မတွေ့သေးတာလည်း ရှိတယ် ကြားတာပဲ၊ ဒါပေမယ့် အတိအကျတော့ ပြန်မသိဘူး။ အဲ့လောက်ပဲ သိရတယ်” ဟု ၎င်းက ပြောပြသည်။

မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် တည်နေရာသည် ဖရဲနှင့် ဇွပ်လန့် (Zuplang) ကျေးရွာ ၂ ခုကြားတွင်ရှိပြီး မြေပြိုကျရာတွင် ပါသွားသည့် သေဆုံးသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းသာ တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိသည်ဟု သိရသော်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟု အဆိုပါ ဖရဲဒေသခံက ဆက်ပြောသည်။

KIA စိုးမိုးထားသည့် ဖရဲကျေးရွာ အနီးတဝိုက် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်နေရာများတွင် ယခုလို လုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် အသက်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ဖရဲနှင့်ပန်ဝါ ဒေသခံတစ်ဦးက ပြောဆိုသည်။

“ရှေ့တစ်ခေါက်ကလည်း တစ်ခါမြေပြိုပြီး လူတစ်ယောက်လားမသိဘူး သေပြီ။ ဒီဘက်က အဲ့လိုမျိုးဖြစ်စဉ်တွေ မကြာခဏ ဖြစ်တယ်။ ဆက်သွယ်ရခက်တော့ ကြားပေမယ့် အတိအကျသာ မသိနိုင်တာ အမြဲဖြစ်နေကျ၊ ပြီးရင် ဒီဘက်ကဒေသခံ အများပိုင်းလည်း တစ်ခုခုဖြစ်ပြီဆို မပြောရဲတဲ့သူ များတယ်” ဟု ၎င်းက ပြောသည်။

ချီဖွေမြို့၏ အရှေ့ဘက်ခြမ်း ဖရဲဒေသတွင် KIA တပ်ဖွဲ့က နယ်မြေစိုးမိုးထားပြီး မြေရှားသတ္တုများ တူးဖော်လျက်ရှိနေကြောင်းနှင့် အရှေ့တောင်ဘက်ပိုင်း ပန်ဝါဒေသတွင်လည်း နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်များက မြေရှားသတ္တုများ တူးဖော်လျက်ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here