ချင်းအရေးနှင့်ပတ်သက်ပြီး ချင်းပြည်အစိုးရနှင့် ZORO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့

0
138
Photo - ZORO

ချင်းပြည်နယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းအရေးနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ပူးပါထန်း ဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့နှင့် Zo Reunification Organization (ZORO) အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်နေ့က အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်၌ ချင်းပြည်အတွင်း လက်ရှိ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့ အကြား သဘောထား ကွဲလွဲမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အပေါ် မလိုလားကြောင်း၊ အငြင်းပွားမှုများ ဖြစ်ပွားမနေသင့်ဘဲ စည်းလုံးညီညွတ်စွာ အတူနေထိုင်ရမည့်သူများဖြစ်သည့်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်ရွက် ပေးခြင်းဖြစ်သည်ဟု ZORO က ပြောဆိုသည်။

ZORO ဥက္ကဌ Pu R. Sangkawia က “ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်တယ်။ ပိုင်းခြားလို့ မရဘူး။ အချင်းချင်း တိုက်ပွဲလည်း ဖြစ်လို့မရဘူးဆိုတဲ့အချက်မှာ လေးလေးနက်နက်နားလည်ထားဖို့ လိုပါတယ်။ ဆင်းသက်လာရာ တူညီတဲ့ ညီအကိုတွေ ဖြစ်တဲ့အတွက် ဘုရားသခင်ကလည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်၊ ဒါကြောင့် ညီအကိုချင်းတိုက်ပွဲဖြစ်တာမကောင်းဘူး သင့်မြတ်ကြဖို့ လိုအပ်ပါတယ်” ဟု ကပြောသည်။

ZORO အနေဖြင့် ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ ပြေလည်မှုရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အဆင်ပြေမည့် အစောဆုံးအချိန်တွင် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု ဆိုသည်။

ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအနေဖြင့် ညီအကိုများနှင့် စားပွဲဝိုင်းပေါ်တွင် စကားပြောဆိုရန် အမြဲလိုလား ကြောင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးသည် မိမိတို့၏ဆန္ဒဖြစ်ကြောင်း၊ ချင်းအရေးနှင့် ပတ်သက်၍ ZORO အနေဖြင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်မှုအပေါ် ချင်းပြည်အစိုးရဦးဆောင်သူများက ဝမ်းသာကြိုဆိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ပူးပါထန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါရ်နှင့် ZORO အဖွဲ့မှ ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများ အားလုံး အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော မီဇိုရမ်ပြည်နယ်က အဖွဲ့အစည်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ဇိုမီးပြန်လည်ပေါင်းစည်းညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့ အကြား ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးစေပြီး အချက် ၃ ချက်ပါ ကနဦးသဘောတူစာချုပ်ကို ZORO ၏ ကမကထပြုမှုဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here