ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်းရှိ ဒေသခံပြည်သူများအား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဆက်သွယ်ရေးစက်ကိရိယာများ၊ အင်တာနက်တပ်ဆင်အသုံးပြုမှုတို့ကို ကန့်သတ်လိုက်ကြောင်း လောက်တူနယ် ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၆ ရက်တွင် ကြေညာထုတ်ပြန်သည်။
လောက်တူနယ်ဒေသတွင် နေထိုင်သော ပြည်သူများအနေဖြင့် ဆက်သွယ်ရေးစက်ကိရိယာများ တပ်ဆင်အသုံးပြုခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်းနှင့်စပ်လျဉ်ပြီး တော်လှန်ရေးဆိုင်ရာ သတိတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟူ၍ ကန့်သတ်ချက်များ အချက် ၈ ချက်ကို လောက်တူနယ်ဒေသ ပအဖက ထုတ်ပြန်ခြင်းဖြစ်သည်။
ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သော မည်သည့်လှုံ့ဆော်ရေးသားခြင်းမျှ မပြုလုပ်ရန်၊ တော်လှန်ရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာမျှ ရေးသားဖြန့်ဝေခြင်း မပြုရန်တို့ကို ထုတ်ပြန်ခြင်းဖြစ်သည်။
ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာအသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ်လုပ်ငန်းအတွက်ဖြစ်စေ WiFi ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းကို ခွင့်မပြုကြောင်း၊ မိမိကိုယ်ရေးကိုယ်တာ အသုံးအတွက် တပ်ဆင်ထားသည့် WiFi ဆက်သွယ်ရေး စက်ပစ္စည်းများကို လောက်တူ ပအဖအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီသာ တပ်ဆင်သုံးစွဲရမည်ဟု ထုတ်ပြန်ပြောဆိုသည်။
မည်သည့်အဖွဲ့အစည်း၊ ဌာနများ၏ ရုံးစာများကိုဖြစ်စေ၊ ၎င်းတို့ လုပ်ငန်းကိစ္စနှင့်စပ်လျဉ်းသော အခြား မှတ်တမ်းဓါတ်ပုံများကိုဖြစ်စေ၊ သက်ဆိုင်ရာမှ တရားဝင် ထုတ်ပြန်ဖော်ပြခြင်းမှလွဲ၍ ဖြန့်ဝေခြင်း လုံးဝ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
လုံခြုံရေးဆိုင်ရာ ထိပါးစေနိုင်သော အချက်အလက်၊ မှတ်တမ်းဓါတ်ပုံနှင့် တည်နေရာများကို ဖော်ပြရေးသားခြင်း၊ ဖြန့်ဝေခြင်း မပြုလုပ်ရဟု စည်းကမ်းသတ်မှတ်ထားပြီး ကန့်သတ်တားမြစ်ထားသောနေရာများတွင် မှတ်တမ်းဓါတ်ပုံရယူခြင်း၊ အသံဖမ်းယူခြင်း၊ ဗီဒီယိုရိုက်ယူခြင်းများ မပြုလုပ်ရဟူ၍လည်း သတ်မှတ်ထားသည်။
လောက်တူဒေသ၏ ဝေဟင်တွင် ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများမှအပ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ မည်သည့် ဒရုန်းယာဉ်များ၊ အခြားပျံသန်းနိုင်သော စက်ရိယာများ မောင်းနှင်ပျံသန်းခြင်းကို ခွင့်မပြုတော့ကြောင်း သိရသည်။
လောက်တူနယ်ဒေသ ပအဖအဖွဲ့ထံ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းထားသော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
မြန်မာအင်တာနက်ပရော့ဂျက်နှင့် နွေဦးလုံခြုံရေး Myanmar Internet Project (MIP) / Spring Revolution Security (SRS) မှ ဦးဟန်က ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဒေသပြန်လည်တည်ဆောက်ရေးလုပ်နေချိန် ဆက်သွယ်ရေးလွတ်လပ်ခွင့်ကို တန်ဖိုးထားသင့်ပြီး လုံခြုံရေးနှင့် ဆက်သွယ်ရေးကြားက ချိန်ခွင်လျှာကို သတိဖြင့် ချိန်ဆသင့်သည်ဟု ပြောသည်။
“ချင်းပြည်နယ်ဟာ ပြည်နယ်တခုလုံး အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတခုဖြစ်ပါတယ်။ ဒီလိုဒေသ အတွက် အင်တာနက်သုံးစွဲမှု အခွင့်အရေးဟာ အင်မတန်မှအရေးကြီးပါတယ်။ ဒီလိုအင်တာနက်သုံးစွဲခွင့်ရဖို့ ဆောင်ရွက်ရမှာ အများပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းယူခွင့်တွေကို မထိခိုက်ဖို့ အလေးထားရမှာ သတိထားရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို သွားပြီးထိပါးမိမယ်ဆိုရင် အခြေအနေကောင်းတွေကို ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး” ဟု ဦးဟန်က ပြောသည်။
ဆက်လက်ပြီး ဦးဟန်က “ဒါကြောင့် ဒီလိုအင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ အင်တာနက်ရဖို့ ကြိုးစားရတဲ့အခါမှာ အများပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သိပိုင်ခွင့်တွေကို ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေ၊ ချုပ်ခြယ်မှုတွေ မလုပ်မိအောင်သတိထားရမှာပါ၊၊ အဲဒါမှ ကောင်းမွန်တဲ့အခြေအနေတရပ်ကို ကျနော်တို့ ဖန်းတီးနိုင်မှာဖြစ်ပြိးတော့ လူအခွင့်အရေးကိုလည်း အားပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။
လောက်တူဒေသတွင် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်လိုသူများအနေဖြင့် လောက်တူပအဖအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းမပြုကြရန် လောက်တူနယ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။
လိုက်နာဆောင်ရွက်ခြင်းမပြုသူ မည်သူ့ကိုမဆို လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
လောက်တူဒေသတွင် ပြည်သူများ ဆက်သွယ်ရေးစနစ်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် WiFi Internet တပ်ဆင်ချိတ်ဆက်ရေး လုပ်ငန်းရှင်တချို့နှင့် ၂၀၂၄ ခုနှစ်မှ စ၍ စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု လောက်တူပအဖအဖွဲ့ထံမှ သိရသည်။
လောက်တူနယ်ဒေသတွင် ဆက်သွယ်ရေးဆိုင်ရာ သီးခြားညွှန်ကြားချက်များကိုဖြစ်စေ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အခြားစည်းမျဉ်းစည်းကမ်းများကိုဖြစ်စေ၊ ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တော်လှန်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြပါရန် လောက်တူ ပအဖအဖွဲ့က အသိပေးထားသည်။
KMG ပေးပို့သည်။