30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းချင်းပြည်၊ ဇိုတုန်ဒေသတွင် ဒေသခံပြည်သူများ ချေမှုန်းရေးရိုင်ဖယ်နှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်ခွင့်မရ

ချင်းပြည်၊ ဇိုတုန်ဒေသတွင် ဒေသခံပြည်သူများ ချေမှုန်းရေးရိုင်ဖယ်နှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်ခွင့်မရ

ချင်းပြည်နယ်၊ ဇိုတုန်ဒေသရှိ ဒေသခံပြည်သူများအား ပစ္စတိုသေနတ်အပါအဝင် ချေမှုန်းရေးရိုင်ဖယ်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို မတ်လ ၂၅ ရက်ကစ၍ ကိုင်ဆောင်ခွင့်မပြုတော့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) – ဇိုတုန်ထံက သိရသည်။

ဇိုတုန်ဒေသအတွင်းရှိ ဒေသခံပြည်သူများသည် ချင်းဓလေ့ထုံးစံအရ အမဲလိုက်ရာတွင် အသုံးပြုသော ရိုးရာ တူမီးသေနတ်၊ နှစ်လုံးပြူးသေနတ်၊ ခါးချိုးသေနတ်နှင့် လေသေနတ်တို့ကိုသာ ကိုင်ဆောင်ခွင့်ရှိသည်ဟု CDF – ဇိုတုန်က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုကဲ့သို့သော သေနတ်များ၊ တခြားမောင်းပြန်သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များသာ ကိုင်ဆောင်ခွင့်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် ကိုင်ဆောင်ခွင့်မရှိသည် လက်နက်အမျိုးအစားများကို ကိုင်ဆောင်ခြင်းလုံးဝမပြုကြရန် CDF – ဇိုတုန်က တားမြစ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီကိုတော်လှန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇိုတုန်းဒေသကို ဖြတ်သန်းသွားလာလိုပါက ကြိုတင်သတင်းပေးပို့ကြရန် သို့မဟုတ် ခိုင်လုံသောအထောက်အထားများ ယူဆောင်လာကြရန်လည်း CDF – ဇိုတုန်က အသိပေးထုတ်ပြန်ထားသည်။

ချင်းလဲန်းအတွင်းရှိ ဇိုတုန်ဒေသသည် စစ်ကောင်စီကင်းစင်သည့် ဒေသတခုဖြစ်ပြီး ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ CDF – ဇိုတုန်က ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသောတပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍လည်း လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များကို CDF – ဇိုတုန်က ပြဌာန်းချမှတ်ထားသည်ဟု ဆိုသည်။

အလားတူ မင်းတပ်မြို့နယ်တွင်လည်း ဒေသခံပြည်သူများအနေဖြင့် ပုံစံမျိုးစုံဖြင့်ရရှိထားသော တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ ပြန်လည်အပ်နှံရန် CDF – မင်းတပ်က ထုတ်ပြန်နှိုးဆော်ထားသည်။

ယင်းသို့ထုတ်ပြန်ခြင်းက ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲပစ္စည်းများအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက်ဖြစ်သည်ဟု CDF – ဇိုတုန်က ပြောဆိုသည်။

KMG ပေးပို့သည်။