10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းချင်းပြည်ကောင်စီက ဒေသန္တရအစိုးရများ အားကောင်းရေး လုပ်ဆောင်မည်ဟု ထုတ်ပြန်

ချင်းပြည်ကောင်စီက ဒေသန္တရအစိုးရများ အားကောင်းရေး လုပ်ဆောင်မည်ဟု ထုတ်ပြန်

ချင်းပြည်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝကျင့်သုံးနိုင်ရေးအတွက် ဒေသန္တရအစိုးရများအားကောင်းရေး လုပ်ဆောင်သွားမည်ဟု ချင်းပြည်ကောင်စီ၏ ပထမသက်တမ်း စတုတ္ထအကြိမ် ကောင်စီအစည်းအဝေးအပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဒေသန္တရအစိုးရများ အားကောင်းရေးမှသည် ချင်းပြည်အစိုးရ အားကောင်းရေး၊ ချင်းပြည်အစိုးရ အားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေးမူနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်သွားမည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်အဆက်ဆက်က ဖန်တီးပေးခဲ့သည့် အုပ်ချုပ်ရေးစနစ်အစား ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ရေးဆွဲအတည်ပြု ပြဌာန်းလျက် ချင်းပြည်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ချင်းပြည်ကောင်စီ မူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရသည်။

စတုတ္ထအကြိမ် ကောင်စီအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ချင်းလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး CNF အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များအပါအဝင် ၁၀၃ ဦးနှင့် လေ့လာသူ ၁၅ ဦး တက်ရောက်သည်ဟု သိရသည်။

ချင်းပြည်ကောင်စီအဖွဲ့ဝင်သစ်များ လက်ခံအတည်ပြုခြင်း၊ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

ချင်းပြည်ကောင်စီနှင့် မဏ္ဍိုင် ၃ ရပ်၏ လုပ်ငန်းအစီရင်ခံစားများအပေါ် ဆွေးနွေးခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေး သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ချင်းပြည် ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်ကွပ်ကဲမှုဖြင့် ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ချင်းပြည်အစိုးရတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်အတွင်းရှိ မြို့ ၇ မြို့နှင့် အခြားစခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်ဟု သိရသည်။

ချင်းပြည်အတွင်းရှိ ကျန်ရှိနေသော စစ်ကောင်စီစခန်းများ အပြီးတိုက်သိမ်းပိုက်နိုင်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲပြီး ချင်းပြည်အတွင်းက ချင်းလူမျိုးများစုစည်း၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်ဟုဆိုသည်။

ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသား စုစည်းညီညွတ်ရေး၊ ချင်းပြည်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့် ကျင့်သုံးနိုင်ရေးနှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရှိကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

KMG ပေးပို့သည်။