ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်မူဝါဒများ ချမှတ်ရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် ချင်းပြည်သူလူထု၏ အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားပေးရန် Chin Civic Movement လူထုလှုပ်ရှားမှုက တောင်းဆိုလိုက်သည်။
“ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံကဲ့သို့သောကိစ္စရပ်များ ဆောင်ရွက်ရာတွင် ချင်းအမျိုးသားများ အချင်းချင်းကြား သွေးမကွဲစေရေး သက်ဆိုင်သည့် အစုအဖွဲ့များအကြား ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းခြင်း” ဆိုသည့် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement တာဝန်ရှိသူများက ပြောဆိုသည်။
Chin Civic Movement တာဝန်ရှိသူတစ်ဦးကလည်း Òလူထုလှုပ်ရှားမှုတွင် ပါဝင်ကြသူတွေဟာ တော်လှန်ရေးအမြန်ဆုံး ပြီးစေလိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီအတွက် ချင်းအစုအဖွဲ့အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုးကို မြင်ချင်တယ်။ အမျိုးသမီးပါဝင်မှု အလေးထားစေချင်တယ်။ လူငယ်တွေကို နေရာပေးစေချင်တယ်Ó ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောပါသည်။
ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး Chin Civic Movement ၏ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ချင်းလဲန်းကောင်စီတို့ကို ဖွဲ့စည်းအတည်ပြုမှုများတွင် ချင်းလက်နက်ကိုင် အစုအဖွဲ့များကြား စစ်ရေးနှင့်နိုင်ငံရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွေ့ရှိရသောကြောင့် စုပေါင်းအဖြေရှာညှိနှိုင်းကြရန် အချက် (၄) ချက်ဖြင့် ချင်းအရပ်ဘက်လူထုလှုပ်ရှားမှုတွင် ပါဝင်ကြသူများက ဇန်နဝါရီလ ၁၉ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ချင်းတော်လှန်ရေးအင်အားစုများ၏ အကွဲအပြဲများသည် ပြည်တွင်းပြည်ပ ချင်းပြည်သူလူထုအတွက် နိုင်ငံရေး ဦးဆောင်လမ်းပြမှုကို ဝေဝါးစေခြင်း၊ ချင်းလူထူ၏ အသက်အိုးအိမ်းများနှင့် စည်းလုံးမှုကို ပြိုကွဲစေနိုင်ခြင်း၊ လက်ရှိ တော်လှန်ရေးခရီးကို ပိုမိုကြန့်ကြာစေနိုင်ခြင်း စသည်တို့ကို သတိချပ်ရန် လိုအပ်ဟု ဆိုသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုများကို ချမှတ်ပြဌာန်းပေးမည့် ဖွဲ့စည်းပုံရေးဆွဲခြင်းနှင့် အတည်ပြုခြင်းကဲ့သို့ ကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်သည့် နိုင်ငံရေးစနစ်ကို မျိုးစေ့ချ အကောင်အထည်ဖော်ဆောင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။
ချင်းပြည်တည်ဆောက်ရေးတွင် မတူညီသည့် အင်အားစုများကို ဖယ်ကျဉ် ချန်လှပ်ထားခြင်း၊ နိုင်ငံရေးအရ လက်ဦးမှု ရယူခြင်းများထက် ချင်းအားစုများအကြား အချင်းချင်းညှိနှိုင်း၊ အသိအမှတ်ပြု တန်းဖိုးထားကြရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရန်လည်း တိုက်တွန်းထားသည်။
ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး Chin Civic Movement ၏ လူထုသဘောထားတောင်းခံခြင်း လှုပ်ရှားမှုတွင် ချင်းပြည်တွင်းပြည်ပအဖွဲ့အစည်း ၃၉ ဖွဲ့နှင့် ချင်းလူပုဂ္ဂိုလ် ၅၄၅ ဦး ပါဝင်ဟု ပါဝင်ကြသူများက ပြောသည်။
Chin Civic Movement လှုပ်ရှားမှုကို ၂၀၂၃ ဒီဇင်ဘာလ ၂၃ ရက်မှ ၂၀၂၄ ဇန်နဝါရီလ ၁၇ ရက် အထိ ဆောင်ရွက်ခဲ့ကြ ခြင်း ဖြစ်သည်။
Chin Civic Movement မှ ကောက်ခံရရှိသော သဘောထားများကို ချင်းတော်လှန်ရေးအင်အားစု အားလုံးထံသို့ ဇန်နဝါရီလ ၁၈ ရက်နေ့က ပေးပို့ထားပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ကြသူများမှာ ချင်းပြည်နယ်အတွင်းက ၄၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်ပြင်ပက ၁၆ ရာခိုင်နှုန်း နှင့် နိုင်ငံတကာရောက်ချင်းများမှ ၃၇.၉ ရာခိုင်နှုန်း ရှိပြီး ၎င်းတို့အထဲတွင် အမျိုးသား ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်းနှင့် ၃.၉ မှာ အမည်မဖော်ပြထားကြောင်း သိရသည်။
နိုင်ငံရေး၊ စစ်ရေးဆိုင်ရာကိစ္စရပ်များတွင် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေ့ရှု၍ လူထုအခြေပြုနိုင်ငံရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Chin Civic Movement တွင် ပါဝင်အထောက်အကူပြု စေလိုခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိချင်းနိုင်ငံရေးအခင်းအကျင်းတွင် အားလုံးပါဝင်ဆွေးနွေးသည့် နိုင်ငံရေးစင်္ကြန် (Plitical Platform) များ ပေါ်ထွန်းလာ စေရန်နှင့် လူထုအခြေပြု နိုင်ငံရေးစနစ် အားကောင်းလာရေးအတွက် အားလုံးပါဝင်စေမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေး ဆွဲပြဌာန်းရန်နှင့် တန်းတူညီမျှသည့် မူကို တစိုက်မတ်မတ် တွန်းအားပေးရန် Chin Civic Movement လှုပ်ရှားမှု၏ ရည်မှန်းချက်များ ရောက်ရှိသည်အထိ ဆက်လက်ဆောင်ရွက်မည်ဟု တာဝန်ရှိသူများက ပြောသည်။
ချင်းနိုင်ငံရေးအခင်းအကျင်းတွင် ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းအချင်းချင်းကြား မညီညွှတ်မှုများရှိနေပြီး မလိုလား အပ်သည့် ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့် အဖြေရှာနိုင်ကြရန် လိုအပ်နေသည် အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သူများက ပြောသည်။
Chin Civic Movement လှုပ်ရှားမှုကို သပိတ်လှုပ်ရှားမှုတွင်ဦးဆောင်ပါဝင်သူများ၊ ကျောင်းသားအင်အားစုများ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ချင်းအရေးတက်ကြွ လှုပ်ရှားသူများနှင့် ပြည်ပရောက်ပညာတော်သင်များမှ ဖော်ဆောင်နေသည့် ချင်းလူထု အခြေပြုလှုပ်ရှားမှု ဖြစ်သည်။
လက်ရှိ ချင်းနိုင်ငံရေး၏ စိုးရိမ်စရာအချက် (၆) ချက်တွင် ချင်းအချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေးနှင့် မျိုးနွယ်စု ပဋိပက္ခများဆီကို ဦးတည်စေနိုင်ခြင်း၊ တော်လှန်ရေးထောက်ပို့ သို့မဟုတ် လူထုကြား အမုန်းပွားမှု တိုးလာခြင်းနှင့် တော်လှန်ရေး အီလစ်များ၏ ကျိုးစီးပွားဆိုင်ရာကို ဦးစားပေးခြင်းကြောင့် ပို၍အကွဲအပြဲ ဦးတည်ခြင်းတို့ ပါ၀င်ကြောင်း Chin Civic Movement က ဆိုသည်။
KMG ပေးပို့သည်။