ခေါင်းဆောင်ဟောင်းများနှင့်တွေ့ဆုံမှုက စစ်ကောင်စီအတွက် အကျိုးရှိမည်မဟုတ်ကြောင်း KNU ပြောဆို

0
263
ပုံစာ - KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် စစ်ကောင်စီအဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

စစ်ကောင်စီဥက္ကဌအနေဖြင့် လက်ရှိချိန်တွင် ဩဇာအာဏာ သက်ရောက်မှုမရှိတော့သည့် ကရင်အမျိုးသား အစည်းအရုံး- KNU ၏ ခေါင်းဆောင်ဟောင်းများအား ဖိတ်ကြားတွေ့ဆုံခြင်းက အကျိုးရလဒ် တစုံတရာရှိမည် မဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာခန်းမဆောင်တွင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကာကွယ်ရေးဌာနမှူးဟောင်း ပဒိုရောဂျာခင်နှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့သည် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ကို သွားရောက် တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာများမှ သတင်းထုတ်ပြန်ခဲ့ပြီးနောက် KNU က ထိုသို့ တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လူပုဂ္ဂိုလ်အရဖိတ်ကြားမှုအပေါ် KNU ဥက္ကဌဟောင်းနှင့်အဖွဲ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပြီး ခေါင်းဆောင်ဟောင်းများ ဖြစ်သည်နှင့်အညီ အစည်းအရုံးပေါ်တွင် ဩဇာသက်ရောက်မှု မရှိတော့သောကြောင့် စစ်ကောင်စီအတွက် အဆိုပါခရီးစဥ်က အကျိုးမရှိကြောင်း ပဒိုကလယ်စေးက ယခုလိုပြောသည်။

“စစ်ကောင်စီဘက်ကတော့ အခုလိုအချိန်မှာ သူတို့အတွက် ကောက်ရိုးလေးတမျှင်များ ဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖိတ်ရခြင်း ဖြစ်တယ်။ ဒီလောက်နဲ့ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးကြီးကို ကယ်တင်နိုင်မလားဆိုတာ စဥ်းစားစရာလည်း ဖြစ်သလို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာလည်း ပြောလို့ရပါတယ်။ အဲဒီလိုပဲ သူတို့ဘက်က ပိုပြီးတော့ ပရမ်းပတာလုပ်လာမယ်ဆိုတာလည်း ကျနော်တို့ ခန့်မှန်းသုံးသပ်ထားပြီးသားပါ” ဟု ပဒိုကလယ်စေးက ပြောဆိုသည်။

ယင်းအပြင် ထိုသို့တွေ့ဆုံမှုတွင်ပါဝင်ခဲ့သော ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းသည်လည်း ၎င်း၏ တာဝန်များအား ဆက်လက် လုပ်ဆောင်နေခြင်း မရှိတော့သောကြောင့် တွေ့ဆုံမှုမှတဆင့် စစ်ကောင်စီ အတွက် အကျိုးရှိမည် မဟုတ်သလို KNU ထိန်းချုပ်နယ်မြေများ အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် ရလဒ်တစုံတရာအနေဖြင့် ထူးခြားမှုရှိမည် မဟုတ်ကြောင်း KNU ပြောခွင့်ရက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ မီဒီယာများမှ နှစ်ဖက်ပြောဆိုမှုကို ထုတ်ပြန်ထားချက်အရ စစ်ကောင်စီက KNU ဥက္ကဌဟောင်းအား NCA တွင် လက်မှတ်ရေးထိုးခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် လူထုငြိမ်းချမ်းရေးအတွက်၊ နယ်မြေတည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဖိတ်ခေါ်ဆွေးနွေး စေခဲ့သည်ဟု သိရသည်။

ထို့နောက် KNU ဥက္ကဌဟောင်းနှင့်အဖွဲ့က အမှန်တကယ်ငြိမ်းချမ်းရေး လိုလားပါက အမုန်းတရားဖြင့် လုပ်ဆောင်ခြင်း၊ လက်နက်ကိုင်လမ်းစဥ်နှင့် လုပ်ဆောင်ခြင်းဖြင့် မရနိုင်သလို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး ကိုသာ ဆောင်ရွက်၍ NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စစ်ကောင်စီလက်အောက်မီဒီယာများတွင် ဆက်ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါတွေ့ဆုံမှုသည် စစ်ကောင်စီက KNU နှင့် အခြားသော တော်လှန်ရေးအင်အားစုများအကြား အမြင်သဘောထားများ ကွဲလွဲစေရန် လုပ်ဆောင်ခြင်း ဖြစ်သလို အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို အသက်သွင်းလိုသည့်သဘော ဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ဗညားမွန်က အခုလို သုံးသပ်ပြောဆိုသည်။

“လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့၊ NCA နှစ်ပတ်လည်နေ့မှာ ပါဝင်တဲ့ ခေါင်းဆောင်တွေကို တစ်ဦးချင်းပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ပဲ ဖြစ်ဖြစ် စစ်ကောင်စီက ဖိတ်ဖို့ကြိုးစားနေတယ်၊ NCA အသက်ဝင်ရင် ၂၀၀၈ ခြေ/ဥ က အသက်ဝင်မယ်၊ အဲ့လိုကနေ စစ်ကောင်စီက သူတို့ကို နိုင်ငံတကာကနေ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုတာခံရဖို့ မျှော်လင့်တာပေါ့။ တဆက်တည်း KNU နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး NCA လမ်းကြောင်းက ပျက်ပြယ်နေပြီဆိုတော့ သူတို့ရဲ့ဒီကြိုးစားမှုက အလုပ်ဖြစ်မယ်လို့တော့ ကျနော်မမြင်ဘူး” ဟု နိုင်ဗညားမွန်က ပြောသည်။

စစ်ကောင်စီက ထိုသို့ KNU ခေါင်းဆောင်ဟောင်းများနှင့် တွေ့ဆုံပြောဆိုရာ၌ ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် NCA ပေါ်တွင်သာ ရပ်တည်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဆောင်ရွက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းဖွင့်ထားကြောင်းလည်း ဖိတ်ခေါ်ထားသေးသည်။

လက်ရှိတွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် NCA အပစ်ရပ်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တွေ့ဆုံမှုများ မကြာခဏ ပြုလုပ်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ KNU က စစ်အုပ်ချုပ်မှု ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားလျက်ရှိသလို စစ်ကောင်စီက ဖိတ်ခေါ်သော ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခြင်း မရှိတော့ပေ။

ယခုကဲ့သို့ KNU ဥက္ကဌဟောင်းနှင့်အဖွဲ့က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံမှုအား KNU အပေါ် လူထုအမြင်ဖြင့် ပတ်သက်ပြီး “ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ကတော့ ကျနော်တို့ချမှတ်ထားတဲ့ လမ်းစဥ်တွေအတိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတာကတော့ အတိအကျ ပြောချင်တယ်” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောဆိုသည်။

အလားတူ ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ KNU ထိန်းချုပ်နယ်မြေများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ၏ စစ်ဆင်ရေး ဖော်ဆောင်နိုင်မှုကြောင့် စစ်ကောင်စီ စခန်းပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထိန်းချုပ်ထားနိုင်သော နယ်မြေကျဥ်းမြောင်းလာမှုကြောင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာခဲ့တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၆ သိန်း ၃သောင်းကျော် အထိ တိုးမြင့်လာရသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ မှတ်တမ်းအစီရင်ခံစာအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here