ခမောက်ကြီးမြို့ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
151
Photo - CJ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

ခမောက်ကြီးမြို့နယ် အမှတ် (၄) ရပ်ကွက် ဒေသအခေါ် ဖောင်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခန့်ခွဲတွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အသက် ၅၂ နှစ် အရွယ်ရှိ ဖောင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေးသည် စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဒေသခံများထံကနေ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်း၊ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ၎င်းနှင့်မတည့်သည့် ဒေသခံများကို PDF ဆိုကာ ချောက်ချတိုင်းကြားခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ သတင်းအချက်အလက်တို့ကို စစ်ကောင်စီထံ သတင်းပေးပို့မှုတို့ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိုသို့လုပ်ရပ်တို့ကို မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဒေါ်ဝင်ဌေးက လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ၎င်း၏နေအိမ်တွင် သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရတာကြောင့် ခမောက်ကြီးအခြေစိုက် စစ်ကောင်စီတပ်စခန်းတို့ကနေ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်ခွဲတို့တွင်လည်း တင်းကြပ်စစ်ဆေးခြင်း၊ ကင်းပုန်းခြင်းတို့ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

ကျန်ရှိနေသောစစ်ကောင်စီကို အားပေးထောက်ခံသည့် စစ်ကောင်စီထောက်တိုင် သူလျှိုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များအား ပြည်သူနှင့်ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဩဂုတ်လက တနင်္သာရီတိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KTLA နှင့် KNLA တပ်ဖွဲ့တို့က ဒလန်ရှင်းလင်းရေးခေါင်းစဉ်နှင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃ ဦး ရှိခဲ့သည်ဟု FE5 Thanintharyi ၏ အစီရင်ခံစာအရ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here