ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ- ၅၃၀ တပ်က အသက် ၁၉ နှစ်အရွယ် တပ်သားတစ်ဦးသည် သေနတ်နှစ်လက်ယူဆောင်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) ထံ ခိုလှုံလာတယ်လို့ KNDF တပ်ရင်း (၂) က ထုတ်ပြန်သည်။
အဆိုပါ တပ်သားမှာ စိုင်းပြည့်စုံဖြိုးဝေဆိုသူဖြစ်ပြီး စစ်ကောင်စီ၏ တပ်သားစုဆောင်းရေးကြောင့် စစ်တပ်ထဲကို ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ထဲမဝင်ခင် ကြုံရာကျပန်း လုပ်ကိုင်ရာတွင် အဆင်မပြေသည့် အတွက် စစ်တပ်ထဲဝင်ရင် ပိုက်ဆံပေးမယ်လို့ ပြောဆိုတာကြောင့် စစ်တပ်ထဲသို့ ရောက်ရှိသွားတယ်လို့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ KNDF တပ်ရင်း (၂) ၏ ရုပ်သံမှတ်တမ်းမှာ ပြောဆိုထားသည်။
“အိမ်မှာက အဆင်မပြေတော့ သူတို့က ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ခေါ်တော့ ဝင်ဖြစ်သွားတာပေါ့။ သင်တန်းကျတော့ သေနတ်တွေ ပစ်ရမယ်။ လေယာဉ်ပျံ စီးရမယ်ဆိုပြီး ကိုယ်ဝါသနာပါတဲ့ သေနတ်ပစ်ချင်တာနဲ့ လေယာဉ်ပျံ စီးချင်တာနဲ့ အဲ့နှစ်ခု သွားတိုက်ဆိုင်တော့ ဝင်ဖြစ်သွားတာ” ဟု အဆိုပါတပ်သားက KNDF ရုပ်သံမှတ်တမ်းတွင် ပြောဆိုထားသည်။
ထို့အပြင် တပ်သားစိုင်းပြည့်စုံဖြိုးဝေက “အလုပ်တွေ တအားခိုင်းတယ်၊ ပင်ပန်းတဲ့ဟာတွေဆိုတော့ လူက ခံနိုင်ရည် မရှိခါကျတော့ ဖြေရှင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ်က ရဲဘော်အဆင့်ပဲ ဆိုတော့ မပြောနိုင်ဘူး။ ပြောရင် ကိုယ်ဘက်ကပဲ မှားတာဆိုတော့။ ကျေနပ်တာပေါ့ စစ်တပ်ထဲက ထွက်ခဲ့ပြီးတော့မှ CDM ထဲ ဝင်လာတာ။ အဲ့မှာက ကျဉ်းကြပ်တယ်၊ အကျယ်ချုပ်လိုထားတာပေါ့ သူတို့က” KNDF တပ်ရင်း (၂) ၏ ရုပ်သံမှတ်တမ်းတွင် ပြောဆိုခဲ့သည်။
၎င်းသည် စစ်တပ်ထဲရောက်ရှိပြီး ၆ လ သင်တန်းတက်ရောက်ခဲ့ကြောင်း၊ လက်ရှိမှာ တပ်သားတာဝန် ထမ်းဆောင်တာ ၅ လ ရှိပြီလို့ ဆိုပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာစခန်း မှာ ကင်းစောင့်တာဝန်ကျနေစဉ် MA-3 ၊ M 79 သေနတ် နှစ်လက်နဲ့ ကျည်တောင့် ၂၀၀ ကျော် ယူဆောင်ပြီး ထွက်ပြေးလာခဲ့တယ်လို့ ဆိုသည်။
လက်ရှိတွင် စိုင်းပြည့်စုံဖြိုးဝေမှာ ကရင်နီပြည်သူ့ရင်ခွင်ကို ရောက်ရှိသွားပြီလို့ KNDF တပ်ရင်း (၂) က အသိပေး ပြောဆိုသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ CDM ဌာနတွင် စစ်ကောင်စီ တပ်သားများ အတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်ထားတယ်လို့ KNDF ပြောသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။