ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ကျေးရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့

0
156

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တပတ်ကျော်အတွင်း ကျေးရွာပေါင်း ၁၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကတည်းက စတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းတွင်ရှိနေသည့် ကျေးရွာများကို လိုက်လံမီးရှို့နေခြင်းဖြစ်သည်ဟု ခင်ဦးဒေသခံများက ပြောသည်။

ခင်ဦးဒေသခံတစ်ဦးက “အခုလောလောဆယ်ကို စစ်ကြောင်းထိုးနေတယ်။ ရွာသုံးရွာကို မီးရှို့နေတယ်။ ခင်ဦးရဲ့ မြောက်ဘက်ခြမ်းပေါ့” ဟု ပြောသည်။

စစ်ကြောင်းထိုးမီးရှို့နေသော စစ်ကောင်စီတပ် စစ်ကြောင်းသည် အင်အား ၁၃၀ ကျော်ရှိသည့် စစ်ကြောင်းဖြစ်ပြီး ထိုစစ်ကြောင်းတွင် မဒေါင်းလှကျေးရွာမှ ပျူစောထီးတပ်ဖွဲ့ဝင်များ အများဆုံးပါဝင်သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းက ပေါက်သင့်တုံ၊ ဂျပို့၊ စည်ကုတ္တရာ စသည့် ကျေးရွာ ၃ ရွာကို တပြိုင်တည်း မီးရှို့ဖျက်ဆီးနေသည်ဟု ခင်ဦးဒေသခံများက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းပတ်ထိုးနေသည့်အပြင် ဝေဟင်ကနေလည်း Y 12 အမျိုးအစားလေယာဥ်၊ ဒရုန်းများဖြင့်လည်း ကင်းပတ်ထောက်လှမ်းခြင်းများရှိနေသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

မီးရှို့ခံရသည့် ကျေးရွာများသည် ပျူစောထီးတပ်ဖွဲ့ဝင်များရှိသည့် မဒေါင်းလှပျူကျေးရွာ ပတ်ပတ်လည်၌ရှိနေသော ကျေးရွာများဖြစ်ပြီး နယ်မြေရှင်းလင်းရေးပုံစံဖြင့် ရွာစဥ် စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက သုံးသပ်ပြောဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စားနပ်ရိက္ခာဖြတ်တဲ့သဘောပေါ့။ ရွာတွေက ကာကွယ်ရေးတပ်တွေကို ထောက်ပံ့လို့ပေါ့။ သူတို့က လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကြွေးကြော်ထားတာ၊ ကျနော်တို့လည်း ဒီလောက် မထင်ထားဘူးပေါ့။ နယ်မြေရှင်းလင်းရေး ဝင်တဲ့ပုံစံပေါ့” ဟု ပြောသည်။

ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်းကြီးနှင့် ရွှေကာကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယနေ့တွင်လည်း ကျေးရွာ ၃ ရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေသည်ဟု ခင်ဦးဒေသခံက ပြောသည်။

အဆိုပါကျေးရွာများသည် အိမ်ခြေ ၁၈၀ ဝန်းကျင်ရှိသည့် ကျေးရွာငယ်များဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက စစ်ရေးလှုပ်ရှားနေသေးသည့်အတွက် နေအိမ်မည်မျှ မီးရှို့ဖျက်ဆီးခံရသည်ကို ဒေသခံများနှင့် ကာကွယ်ရေးတပ်များဘက်က အတည်မပြုနိုင်သေးပေ။

အလားတူ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများအပါအဝင် အနီးတဝိုက်တွင်ရှိသည့် ကျေးရွာစုစုပေါင်း ၁၅ ရွာက အရပ်သား ၁ သောင်းခွဲဝန်းကျင်သည်လည်း ဘေးလွတ်နိုင်သည့် နေရာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

မီးရှို့ဖျက်ဆီးခံနေရသည့် ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းသည် ဘုန်းကြီးဦးဝါသဝဦးဆောင်သည့် ပျူစောထီးများအားကောင်းသည့် ကန့်ဘလူမြို့နယ်နှင့် ထိစပ်နေပြီး မဒေါင်းလှပျူကျေးရွာသည်လည်း ဘုန်းကြီးဦးဝါသဝ လက်အောက်ခံ ပျူစောထီးများရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မဒေါင်းလှက ပျူတွေက ဦးဝါသဝအောက်ကသူတွေပဲ၊ ကန့်ဘလူနဲ့ကလည်း ချုပ်ရိုးကိုဗျ။ မဒေါင်းလှဆိုတာက ကန့်ဘလူနဲ့လည်းနီးတယ်။ ဒီဘက် ခင်ဦးဘက်လည်း နီးတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့နေရာပေါ့” ဟု ပြောသည်။

ခင်ဦးမြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီနှင့် ပျုစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းပတ်မထိုးခင် ဩဂုတ်လနောက်ဆုံးပတ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မဒေါင်းလှပျူကျေးရွာကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး ခုခံလာသည့်အတွက် ကာကွယ်ရေးတပ်များဘက်က နောက်ဆုတ်ခဲ့ရသည်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်အာဏာသိမ်းပြီးသည့်နောက် ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် ပျက်ဆီးခဲ့ရပြီး စစ်ကိုင်းတိုင်းသည် မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဒေသဖြစ်သည်ဟု Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here