သျှမ်းပြည်၊ ကွမ်းလုံ – သိန္နီ လမ်းပိုင်း တလျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှ ဆက်ကြေး ကောက်ခံမှု များပြားနေသည်ဟု ဒေသခံကားသမားများထံက သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က သန္နီနှင့် ကွမ်းလုံကြား လမ်းပိုင်းတလျှောက်တွင် ဆက်ကြေးကောက်ခံနေပြီး ၁၀ ဘီးကား တစ်စီးလျှင် ငွေကျပ် ဆယ်သိန်းမှ ကျပ်သိန်းနှစ်ဆယ်အထိ ကောက်ယူတောင်းခံနေခြင်းဖြစ်သည်ဟု ဆိုသည်။
စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်မှစတင်ပြီး KIA တပ်ဖွဲ့မှ သိန္နီ – ကွမ်းလုံ လမ်းပိုင်းရှိ ဟိုနောင် ကျေးရွာနှင့် ပိန်းကန်ကျေးရွာကြားတွင် စောင့်ဆိုင်း၍ ဆက်ကြေးကောက်နေကြောင်း ကားသမား တစ်ဦးက ပြောပြသည်။
“ကားကြီး ၁၂ ဘီးကား တစ်စီးဆိုရင် ငွေကျပ် ၇ သိန်းကနေ ၁၅ သိန်းထိ တောင်းတယ်၊ ၂၂ ဘီးကားဆိုရင် ၁၀ သိန်းကနေ သိန်း ၂၀ ထိ တောင်းခံကြတော့ ကားသမားတွေ အခက်တွေ့ပြီပေါ့၊ ဆက်ကြေး စောင့်ကောက်တဲ့နေရာမှာကို KIA ယူနီဖောင်းဝတ် စစ်သား ၁၅ ယောက်လောက် တွေ့ရတယ်” ဟု မန္တလေး – ချင်းရွှေဟော် သို့ ကားမောင်းနေသည့် ကားသမားတစ်ဦးက ပြောပါသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း TNLA တပ်ဖွဲ့မှ သိန္နီ – ကွမ်းလုံကြား လမ်းပိုင်းကို ပုံမှန်အားဖြင့် ၁၀ ရက်လျှင် တစ်ကြိမ် ဆက်ကြေးကောက်ယူရန် လာရောက်စောင့်ဆိုင်းလျက် ရှိကြောင်းလည်း ကုန်တင်ကားသမားများက ပြောဆိုသည်။
ယင်းကဲ့သို့ TNLA တပ်ဖွဲ့မှ ဆက်ကြေး အခွန်ကောက်ယူနေသည့်အတွက် မန္တလေးဘက်မှ တက်လာသည့် ကုန်တင် ကားသမားများ သည်လည်း ရှေ့ဆက် မတိုးရဲကြဘဲ သိန္နီမြို့အဝင် ပန်လော့ဂိတ် အနီးတွင် ရပ်နား ထားရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။
“ကွမ်းလုံ – ချင်းရွှေဟော်ဘက် သွားမယ့် မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေ အခွန်ပေးရမယ့် ပမာဏ အရမ်းများကြလို့ ရှေ့ဆက် မတိုးရဲကြတာ၊ သိန္နီအဝင်နားမှာ ရပ်နားနေကြတာ အစီး ၁၀၀ နီးနီး ရှိတယ်၊ ဒီနေ့ အထိပဲÓ ဟု အဆိုပါ မန္တလေး – ချင်းရွှေဟော် ကားမောင်းနေသူက ပြောဆိုသည်။
လက်နက်ကိုင် တပ်ဖွဲ့များမှ ကောက်ယူတောင်းခံနေသည့် ဆက်ကြေးပမာဏသည် ကုန်အမျိုးအစားအားဖြင့် ကွာခြားလျက်ရှိပြီး ဘိလပ်မြေတင်ကား တစ်စီးလျှင် ငွေကျပ် နှစ်သိန်း၊ စက်သုံးဆီတင်ကား တစ်စီးလျှင် ငွေကျပ် ငါးသိန်း စသဖြင့် ကောက်ယူတောင်းခံ နေကြသည်ဟု ကားသမားများထံမှ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။