ကွတ်ခိုင်၊ ဒတ်နှိုင်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး

0
419
ပုံစာ - သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသရှိ ဒတ်နှိုင်း (Daknai) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဘက်က အင်အား ၃၀ ခန့် သေဆုံးမှုရှိခဲ့တယ်လို့ သိရသည်။

ဒတ်နှိုင်းကျေးရွာအဝင်မှာ အခြေစိုက်ထားတဲ့ နမ့်ဖတ်ကာတပ်ခွဲ ခလရ (၁၂၃) တပ်ရင်းကို KIA တပ်ရင်း ၉ တပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၂ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၃ ရက်နေ့ တပ်စခန်းတစ်ခုလုံး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒတ်နှိုင်းဒေသခံတစ်ယောက်က အခုလိုပြောပါသည်။

“၁၂ ရက်နေ့ စတိုက်တာ ၁၃ ရက်နေ့ နေ့လည် ၁၂ လောက်မှာ KIA က အပြီးသိမ်းပိုက်ထားနိုင်ပြီ ဖြစ်တယ်။ အခုချိန်မှာလည်း KIA က တပ်ချထားပြီ။ တိုက်ပွဲဖြစ်ပွားတာက စစ်ကောင်စီတပ်သား ၂၀ က တပ်အတွင်းမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်။ နောက်ပြီး တပ်ထဲက ထွက်ပြေးသွားတဲ့သူတွေကိုလည်း ပြန်ခုခံတိုက်ရင်း ၇ ယောက်၊ ၈ ယောက်လောက်က အလောင်းပြန်ရတယ်လို့ သိရတယ်” လို့ ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က သေဆုံးသူ ၂၇ ယောက်ရှိခဲ့တယ်လို့သိရပြီး KIA ဘက်ကလည်း ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။

ဒါ့အပြင် KIA ဘက် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရယူနိုင်ခဲ့ပြီး ဒတ်နှိုင်းကျေးရွာ တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့လည်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။

ဒတ်နှိုင်းကျေးရွာမှာ နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ရပ်ကွက် (၃) ရှိ နေအိမ် ၄ အိမ် နီးပါး လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲပြီး မီးလောင်ပျက်စီးမှု ရှိခဲ့သလို ဒေသခံ ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါသည်။

အခုလို ဒတ်နှိုင်းတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် ဒတ်နှိုင်းဒေသခံတွေဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က စပြီး ဒတ်နှိုင်းရွာနဲ့နီးစပ်တဲ့ လုံထန် (Lung Htang) နဲ့ ခွတ်ပီး စတဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်ကြတဲ့အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ ဘေးလွတ်တဲ့ နေရာမှာ တိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ ဒတ်နှိုင်းဒေသခံက ပြောပါသည်။

“မနေ့ (နိုဝင်ဘာလ ၁၅ ရက်နေ့ ) ညနေအထိတော့ ရွာသားတွေက တစ်အိမ်မှာ တစ်ယောက်လောက်ပဲ ပြန်ကြသေးတယ်။ ဒီရက်ပိုင်းအတွင်းမှာ စစ်တပ်ဘက်ကနေ လေယာဉ်ဗုံးကြဲလာမှာကြောက်လို့ အားလုံးက တောတွေမှာ၊ ပြီးရင် တရုတ်ရွာရှိတဲ့ ဘက်ခြမ်းတွေမှာ သွားပုန်းနေကြသေးတယ်။ တကယ်လို့ ဒီကနေ့အထိ လေယာဉ် မလာဘူးဆိုရင်တော့ မနက်ဖြန်လောက်ဆို တချို့က ရွာထဲပြန်ကြဖို့ လုပ်နေကြတယ်Óလို့ ၎င်းက ပြောသည်။

ဒတ်နှိုင်းကျေးရွာသည် မုံဂျီ (Mungji) နဲ့ ကွတ်ခိုင်ကြားမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး အခုတိုက်ခိုက်ခံရတဲ့ ဒတ်နှိုင်း စစ်ကောင်စီတပ်စခန်းကနေ ကျေးရွာ ၄၀ ကျော်သွားရတဲ့ စစ်တပ်ဂိတ်စခန်းကြီး တစ်ခုဖြစ်တာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ကားတွေကို သွားလာရေးတင်းကြပ်တဲ့ ဂိတ်နေရာလည်း ဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါသည်။

လက်ရှိ၌ KIA က တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ ဒတ်နှိုင်းစစ်ကောင်စီတပ်စခန်းမှာ KIA က အင်အားအလုံးအရင်းနဲ့ တပ်ချနေထိုင်ထားပြီ ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ကျေးရွာကို စစ်ကောင်စီက လာရောက် ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်ပြီး အခုလိုထွက်ပြေး တိမ်းရှောင်နေကြလို့ ရွာခံများက ပြောသည်။

ဒတ်နှိုင်း စစ်ကောင်စီတပ်စခန်းသည် လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကနေ အခြေစိုက်ထားတဲ့ တပ်စခန်းတစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် KIA က ပထမအကြိမ် သွားရောက်တိုက်ခိုက်မှုရှိခဲ့ပေမယ့် သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘဲ KIA ဘက်က တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် စစ်ရေးအရှိန်မြှင့်တင် တိုက်ခိုက် နေတာလည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here