ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံး ၆ ယောက်ဒဏ်ရာပြင်းထန်

0
291

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ၃ နှစ် အရွယ် ကလေးငယ် ၁ ယောက် သေဆုံးပြီး နောက်ထပ်အရပ်သား ၆ ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း ဒေသခံတွေ ဆီက သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ နှစ်ရက်အတွင်း ကွတ်ခိုင်မြို့ပေါ်နှင့် လွယ်ဆိုင်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ယခုလိုထိခိုက်သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ယောက်က ယခုလိုပြောသည်။

“၈ ရက်နေ့ ကနေ မနေ့ကအထိကို လက်နက်ကြီးတွေ ဆက်တိုက် ကျတယ်။ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ကတော့ လူတွေထိတယ်၊ မြို့ထဲမှာရောအပါပေါ့ ကလေးတစ်ယောက်သေတယ်၊ ကျန်တာကတော့ လူကြီးတွေပဲ ဒဏ်ရာ ပြင်းထန်ရတာ” လို့ ၎င်းက ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် ကွတ်ခိုင်မြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့မှာလည်း တအာင်းတပ်မတော် TNLA က မြို့သစ်ရပ်ကွက်မှာရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ယင်းနေ့မှာပင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုလို တိုက်ပွဲများ ပြင်းထန်နေတဲ့အပြင် အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့နယ်မှ ဘေးလွတ်ရာကို ထွက်ပြေးနေကြသည့် အရပ်သားများကို အကူညီပေးဖို့လည်း အခက်အခဲများစွာ ရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါသည်။

“မနေ့(ဒီဇင်ဘာ ၁၀ ရက်) က ည ၁၀ နာရီလောက်မှာ မြို့သစ်က ပြည်သူ့စစ်စခန်းကို TNLA က သိမ်းသွားတယ်။ ဒီနေ့ (ဒီဇင်ဘာ ၁၁ ရက်) တော့ ငြိမ်နေတယ်။ မနေ့ကတော့ တော်တော်လေးပစ်ကြတယ်။ လက်ရှိ အခက်အခဲကတော့ အင်တာနက်လိုင်းတွေ မကောင်းလို့ အချိန်နဲ့တပြေးညီ အားလုံးကို မကူညီနိုင်ဘူး ဖြစ်နေတယ်” လို့ ပြောသည်။

ဒါ့အပြင် တဖက်မှာလည်း လမ်းပိုင်းပိတ်ဆို့ထားတာကြောင့် ကွတ်ခိုင်၊ လားရှိုး နဲ့ သိန္နီကို ကုန်ပစ္စည်းစီးဆင်းမှု မရှိသလို မြို့ပြင်ဘက် ထွက်ပြေးနေကြရတဲ့ အရပ်သားတွေအတွက် အကူညီရဖို့ နှောင့်နှေးမှုတွေ ရှိနေတယ်လို့ ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အရပ်သားတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီလိုအပ်ချက်တွေဟာ ပိုမိုတိုးပွားလာနေတယ်လို့ ထုတ်ပြန်ထားသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here