ကွတ်ခိုင်မြို့ မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား ရိုက်နှက်မှုဖြစ်ပွား

0
154
Photo – CJ

သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဝင်ရောက်နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များကြား ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို MNDAA က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နှောင့်ယှက်ခဲ့ရာ နှစ်ဘက်တပ်ဖွဲ့ဝင်များ ငြင်းခုံရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“မနေ့ မနက်က စစ်သားတွေ ငြင်းခုံကြတာ ဟုတ်တယ်။ ကိုးကန့်တပ်က မပြောမဆိုနဲ့ KIA စခန်းကို လာနှောင့်ယှက်တာ။ ကိုးကန့်တပ်က ကား ၂ စီးနဲ့လာတယ်။ ရိုက်နှက်မှုဖြစ်ပြီး ဒဏ်ရာရတယ်ပြောတယ်။ ဒီလောက်နဲ့ မပြီးလောက်ဘူးထင်တယ်” ဟု ကွတ်ခိုင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စုအတွင်း KIA နှင့် MNDAA နှစ်ဘက်တင်းမာမှုရှိနေပြီး အောက်ခြေတပ်သားအချင်းချင်း ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသနှင့် မူဆယ်မြို့နယ် မုံးကိုးဒေသတို့တွင် KIA တောင်ပိုင်းတိုင်း တပ်မဟာ (၁၀) လက်အောက်ခံ ရပ်ရွာအခြေစိုက် အထိုင်တပ်ဖွဲ့ စုဖွဲ့မှုပုံစံဖြစ်သည့် ပြည်သူ့စစ် (MHH)၊ ဒေသကာကွယ်ရေးအဖြစ် (GMH) တပ်ဖွဲ့များနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား မြေပြင်တွင် မကြာခဏထိတွေ့မှုဖြစ်ပြီး စစ်ရေးတင်းမာမှုရှိကြောင်း ဒေသခံများက ပြောသည်။

“MHH ဆိုတာက ဒေသကာကွယ်ရေးတပ်ဖွဲ့ ပုံစံမျိုး၊ ရပ်ရွာတွေမှာအခြေပြုတဲ့ ကချင်လို ပြည်သူ့စစ်ပေါ့။ GMH ကတော့ ကိုယ့်ဘာကိုယ်မှည့်ထားတဲ့ နာမည်ဖြစ်မယ်ထင်တယ်။ နယ်မြေစိုးမိုးမှု ပြဿနာတွေကတော့ ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ မုံးစီးဒေသတို့၊ မုံးကိုးတို့ဆိုတာက အရင်တုန်းက KIA ရဲ့ တပ်မဟာ (၁၀) အောက်မှာ တပ်ရင်းလိုက်ရှိခဲ့တာကိုး” ဟု ကွတ်ခိုင်မြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မူဆယ်၊ ကွတ်ခိုင်နှင့် သိန္နီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အောက်ခြေတပ်သားများအကြား စစ်ဆေးရေးဂိတ် ဖြတ်သန်းစဉ် (၃) ကြိမ်ထက်မနည်း အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ အကြား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here