ကွတ်ခိုင်တွင် ရွှေတူးဖော်မှုများကြောင့် ဒေသခံရွာသားများ သောက်သုံးရေ အခက်အခဲကြုံ

0
300
Photo – NMG

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုန်းလောင်းချောင်းတွင် ရွှေတူးဖော်နေမှုများကြောင့် ကျေးရွာ ၅ ရွာ တွင် အသုံးပြုသည့် သောက်သုံးရေများ အခက်အခဲ ဖြစ်နေသည့်အပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလည်း ထိခိုက်လာသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မုန်းလောင်းချောင်းကို ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ ဖြစ်သည့် နမ့်ခုံး၊ ပန်ကိုင်၊ နားမွန်း၊ လွယ်ကုန်၊ နမ့်ဖက်ကာနှင့် အခြားအနီးအနားရှိ ရွာများက အဓိကအားထား အသုံးပြုနေကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ပန်ကိုင် ရွာခံ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာအပြင် တခြားကျေးရွာတွေ လယ်ယာစိုက်ပျိုးဖို့ အတွက် အရမ်း ခက်ခဲတယ်။ ရေက တအားနောက်တာ။ လယ်လုပ်မယ့် အပေါ်နားက မုန်းလောင်းချောင်း သူတို့ ရွှေလည်း တူးဖော်ပြီးရင် ပြန်ပြီးရွှေကို ပြန်ကျင်ထုတ်တာ” ဟု ပြောသည်။

အဆိုပါ မုန်းလောင်း ချောင်းရေသည် ဒေသအတွင်းရှိ ကျေးရွာသားများက ၎င်းတို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိက အသုံးပြုလျက်ရှိရာ ယခုအခါ ချောင်းရေ နောက်ကျိနေသောကြောင့် အသုံးပြုမရ ဖြစ်နေသည်ဟု ရွာသားများက ပြောဆိုသည်။

ထို့အပြင် ရွာသူရွာသားများ ချက်ပြုတ်ဆေးကြောရာနှင့် အဝတ်လျှော်ဖွတ်ရာတွင် အားထား အသုံးပြုနေရသည့် မုန်းလောင်း ချောင်းရေမှာ ပျက်စီးသွားပြီဟု ဒေသခံရွာသားများက ပြောသည်။

ရွှေတူးဖော်မှုများကြောင့် ချောင်းရေသည် ချက်ပြုတ်စားသောက်ရေး အတွက် အသုံးပြုရန် လုံးဝ အဆင်မပြေသည့် အပြင် လယ်ယာထဲ ရေထည့်စိုက်ပျိုးရန်လည်း နောက်ကျိနေဆဲ ဖြစ်သောကြောင့် ရွာသားတချို့သည် ဇွန်လ တတိယပတ်အထိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို ရပ်ထားရသည်ဟု ပြောဆိုသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်များက မုန်းလောင်းချောင်းတွင် စက်ယန္တရားကြီးများ အသုံးပြု၍ အလွန့်အကျွံ ရွှေတူးဖော်နေသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း သက်ဆိုင်ရာ SSPP/SSA အဖွဲ့သို့ မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရခဲ့ပါ။

ပြီးခဲ့သည့် မေလကုန်ပိုင်းက ဒေသခံတောင်သူများသည် လုပ်ငန်းရှင်တချို့အား တွေ့ဆုံဆွေးနွေးရန် ခေါ်ဆိုခဲ့ရာတွင် ချိန်းဆိုထားသည့် နေရာသို့ ရောက်မလာခဲ့ကြောင်း ရွာခံများက ပြောသည်။

ထို့ကြောင့် ရွာခံတောင်သူများက ၎င်းတို့ ရွှေတူးဖော်နေသည့် နေရာအထိ သွားရောက်ပြီး တွေ့ဆုံညှိနှိုင်းနိုင်ရေး ကြိုးစားခဲ့သော်လည်း လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ မရှိဘူးဟု ရွှေတူးဖော်နေသည့် အလုပ်သမားများက ပြောဆိုသဖြင့် တစ်စုံတစ်ရာ ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ဟု သိရသည်။

ဒေသခံတစ်ဦးက “ ကိုယ်စားလှယ်က လယ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးမယ် ပြောပြီး ချိန်းတဲ့နေ့ မလာတော့ လယ်သမားတွေက ရွှေတူးဖော်တဲ့ နေရာမှာ သွားလိုက်တာ၊ အပြင်မှာက ရှမ်းတပ် SSPP နှစ်ယောက် စောင့်ထား တယ်။ အထဲမှာတော့ ပေးမဝင်ဘူး။ အဲ့မှာ ရွှေတူးတဲ့ လုပ်သားတွေက သူတို့က ဘာမှမသိဘူးတဲ့၊ ကိုယ်စားလှယ် တွေလည်း မရှိဘူး အဲ့လိုပဲ ပြောတယ်” ဟု ပြောပြသည်။

အလားတူ နမ့်ဖတ်ကာနှင့် မူဆယ် ၁၀၅ မိုင်ရှိ ရေချောင်းများတွင် ရွှေတူးဖော်မှုများ ရှိလာပြီးနောက် ကျေးရွာခံများ အတွက် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက မိုင်းယုလေးနှင့် နမ့်ဖတ်ကာကြားရှိ နမ့်မောချောင်းတွင် ရွှေတူးဖော်မှုကြောင့်
ကျေးရွာ ၁၀ ဖြစ်သည့် လင်လိုင်၊ ဟိုခို၊ ဟိုခိုကွက်သစ်၊ ဟိုခိုကမ်း၊ မိုင်းယူ၊ မိုင်းယုကွက်သစ်၊ ပန်လော၊ မန်တုံ ကုန်စုံ၊ မန်ဟောင်နှင့် ဟိုနားကမ်း စသည့် ကျေးရွာများက ဒေသခံများ အခက်အခဲ ဖြစ်ခဲ့ကြသည်။

အဆိုပါ နမ့်မောချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ရေချောင်းပျက်စီးကာ အသုံးပြု၍ မရတော့ကြောင်း သတင်း မီဒီယာများတွင် ရေးသားဖော်ပြပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ရွှေတူးမှုများ ရပ်ဆိုင်းသွားခဲ့ရာ ချောင်းရေ ပြန်ကြည်လင်လာပြီး အသုံးပြု၍ ရလာပြီဟု ဒေသခံရွာသားများက ဆိုသည်။

ထို့အခြေအနေများကြောင့် ကျေးရွာပေါင်း ၅ ရွာ ထက်မနည်း ဒေသခံရွာသားများ အဓိက အားထား အသုံးပြုရသည့် မုန်းလောင်းချောင်းပေါ်ရှိ စက်ယန္တယားကြီးများ အသုံးပြု လုပ်ကိုင်နေကြသည့် ရွှေတူးဖော် နေမှုများကို ရပ်ဆိုင်းပေးရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here