သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင် ၁၀ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် မိုင်းယုလေးဘက်မှလာသည့် ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦးအနက်မှ တစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ ပစ်လိုက်သည့် လက်နက်ကြီး ထိမှန် ဒဏ်ရာရသွားကြောင်း ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောသည်။
“မိုင်းယုလေးဘက်ကနေ ဆိုင်ကယ်စီးပြီးတော့ လာကြတာ၊ ကွတ်ခိုင်မြို့ထဲ ဈေးဝယ်ဖို့ပေါ့၊ မြို့ထဲမရောက်ခင် အမှိုက်ပုံနားမှာရပ်ပြီး ဝတ်လာတဲ့ မိုးကာတွေကို ချွတ်နေတဲ့အချိန် လက်နက်ကြီးက သူတို့ဆီကို ကျကွဲတယ်၊ လက်နက်ကြီး အစက အမျိုးသမီးတစ်ဦးရဲ့ ပေါင်ကို ထုတ်ချင်းဖောက်ဝင်သွားတာ၊ ခုက ကွတ်ခိုင်ဆေးရုံမှာ ဆေးကုနေတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။
ယင်းဒေသတွင် ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့၏ တပ်စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးကို ထိမှန်ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက် ညပိုင်းတွင်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းကဲ့သို့ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသမီးနှစ်ဦး လက်နက်ကြီးစ ထိမှန်ပေါက်ကွဲမှု ရှိကြောင်းလည်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်ထဲ အိပ်နေကြတဲ့ ညီအစ်မနှစ်ယောက်ကို ထိမှန်တာ၊ အငယ်မ တစ်ယောက်က ပါးမှာထိတယ်၊ အကြီးမတော့ လက်တွေ၊ ခါးတွေ၊ မျက်နှာတွေမှာ ထိတယ်၊ အကြီးမက ဒဏ်ရာပိုပြင်းတယ်၊ သူတို့နှစ်ယောက်လုံးကို လူမှုကူညီရေး အသင်းကနေ မူဆယ်ဆေးရုံကို ပို့ပေးထားတယ်၊ ဓါတ်မှန်တွေ ရိုက်ရမယ်လို့ ပြောပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့သည် ဇူလိုင်လ ၉ ရက်နေ့ တစ်နေ့တည်း အတွင်းမှာပင် နမ့်ဖတ်ကာကျေးရွာ အနီး ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားကြောင်းလည်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာဒေသအနီးမှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။